ယတဂရစုငှက်တို့အတွက် အောင်မြင်မှုကို အားဖြည့်ပေးခဲ့ဖူးသူ မြန်မာနိုင်ငံသား ဘောလုံးနည်းပြ ဦးကျော်ဒင်
ဂျပန်ဒဏ္ဍာရီတွင် ဧကရာဇ်ဘုရင် ဂျင်မူကို ကူမာနိုတောင်သို့ လမ်းပြခေါ်ဆောင်ခဲ့သည့် ယတဂရစု(Yatagarasu) ခေါ် ခြေထောက်သုံးချောင်းနှင့် ကျီးနက်ကြီးတစ်ကောင်ရှိသည်။ သူသည် ရှင်တိုနေနတ်သမီး အာမာတဲရာစု၏ စေတမန်လည်းဖြစ်သည်။ ကျီးကန်းကြီး ယတဂရစုက ဂျပန်၏ အမှတ်သကငေ်္တလည်းဖြစ်သည်။ ဂျပန် အမျိုးသားဘောလုံးအသင်း (Japan National Football Team) ၏တံဆိပ်မှာ ယတဂရစုကျီးငှက်က ဘောလုံးအနီ ကို ကိုင်ထားသည့် အမှတ်တံဆိပ်ဖြစ်သည်။ ထိုဂျပန် လက်ရွေးစင်ဘောလုံးအသင်း အောင်မြင်မှုများ၏ မူလအစ ဂျပန်ဘောလုံးဖခင်များတွင် မြန်မာလူမျိုးတစ်ဦး ထူးထူးခြားခြား ပါဝင်ပတ်သက်လျက်ရှိသည်။ ဂျပန်လူမျိုးတို့သည် ထိုသူကို လေးစားချစ်ခင်သည်။ ထိုသူ၏ မိသားစုဝင်များကို သိရှိဆက်သွယ်ကာ ကျေးဇူးတင်လိုကြသည်။ ဂျပန် လူမျိုးများ၏ မိတ်ဆွေကြီးကား ဦးကျော်ဒင်ဟု အမည်ရပါသည်။








