သယ်ယူပို့ဆောင်ရေး အဆင်ပြေမှုရှေးရှု

၂၂ မေ

 

ပြည်သူများသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေသက်သာရေးအတွက် အဓိကကျသည့်အချက်မှာ စက်သုံးဆီဖြစ်ပါသည်။ လက်ရှိကာလတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသောကြောင့် မော်တော်ယာဉ် အသုံးပြုသူများနှင့် ခရီးသွားလာသော ပြည်သူများအနေဖြင့် ဝန်ဆောင်မှု စရိတ်စကများ မြင့်တက်လာမည်ကို စိုးရိမ်ပူပန်ကြမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်းနှင့်အတူ နိုင်ငံခြားငွေလဲလှယ်နှုန်းများပါ လိုက်ပါမြင့်တက်နေသဖြင့် စက်သုံးဆီဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်သည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်ပတ်ကျော်အတွင်းက တစ်လီတာလျှင် ၃၅ ကျပ်မှ ကျပ် ၄၀ အကြားဈေးတက်လာခဲ့ပြီး ပြီးခဲ့သည့်လမှ ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် လေးရာခိုင်နှုန်းကျော် မြင့်တက် ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိသည့် နိုင်ငံဖြစ်သည်။ ပြည်တွင်းမှ တစ်နေ့လျှင် ရေနံဂါလန် သုံးသိန်းခွဲခန့် ချက်လုပ်နိုင်သော်လည်း ပြည်တွင်းရှိ ရေနံချက်စက်ရုံများ၏ သက်တမ်းမှာ ရှည်ကြာနေခြင်းကြောင့် တည်ဆောက်ဖွဲ့စည်းမှု ခေတ်မမီတော့ချေ။ လက်ရှိတွင် ပြည်တွင်းမှ ထုတ်လုပ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများမှာပြည်တွင်း၌ မောင်းနှင်နေသော ခေတ်ပေါ်မော်တော်ယာဉ်များတွင် သုံးစွဲရန် မသင့်တော်ခြင်း၊ ပြည်တွင်း စက်သုံးဆီသုံးစွဲမှု လိုအပ်ချက် များပြားနေခြင်းတို့ကြောင့် နှစ်စဉ် ရေနံထွက်ပစ္စည်း ဂါလန်တန်ချိန်လေးသန်းခန့် ပြည်ပမှ ဝယ်ယူသုံးစွဲနေရကြောင်း စွမ်းအင်ဌာနမှ အသိပေးထားသည်။

 

ကမ္ဘာ့ရေနံဈေးနှုန်းမှာ ယမန်နှစ်မကုန်မီကတည်းက စတင်မြင့်တက်လာခဲ့ပြီး ယခုနှစ် မေလဆန်းပိုင်း မှစ၍ ရေနံတစ်စည်လျှင်အမေရိကန် ဒေါ်လာ ၆၈ ဒေါ်လာမှ ၇၁ ဒေါ်လာအထိ ဆက်လက်မြင့်တက်ခဲ့သည်။ ထိုသို့ မြင့်တက်ခဲ့ခြင်းသည် ကမ္ဘာ့ရေနံထုတ်လုပ်သည့်နိုင်ငံများက ရေနံထုတ်လုပ်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းနှင့် ပထဝီနိုင်ငံရေး အခြေအနေမတည်ငြိမ်မှုအပေါ် စိုးရိမ်မှုရှိနေခြင်းတို့ကြောင့် ရေနံ ဈေးနှုန်း တက်လာခြင်းဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်အကုန်ပိုင်းတွင် ရေနံတစ်စည်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၈၀ကျော်သွားခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်ကျသွားပြီးနောက် ယခုကာလတွင် ဈေးနှုန်း ပြန်တက်လာခြင်းဖြစ်၍ ရေနံဈေးနှုန်းကျရိပ်ကို မျှော်မှန်းရမည်ဖြစ်သည်။

 

သို့ဆိုလျှင် ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေ အထူးသဖြင့် ရေနံထွက်နိုင်ငံများ၏ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိလျှင် ရေနံဈေးနှုန်းတက်လာနိုင်သည်။ ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရေနံသယ်ယူပို့ဆောင်စရိတ်အပေါ်တွင် မူတည်သဖြင့် စက်သုံးဆီဈေးနှုန်း အပြောင်းအလဲဖြစ်နေမည်မှာ အမှန်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးစနိုင်ငံအနေအထားတွင် ရောက်ရှိ နေပြီး လူမှုဘဝမြင့်မားမှုကြောင့်ဖြစ်ပေါ်လာသော စက်သုံးဆီလိုအပ်မှုတွင် ဖိစီးမှုမဖြစ်စေရေးအတွက် နည်းလမ်းရှာဖွေ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

 

ပြည်တွင်းရှိ ရေနံချက်စက်ရုံများကို ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း၊ စီးပွားရေးတွက်ခြေကိုက်သည့်အရွယ်အစားရှိပြီး ခေတ်မီနည်းပညာရပ်များဖြင့် အရည်အသွေးမြင့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ရေနံချက်စက်ရုံအသစ်များတည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ခြင်းစသည်တို့ကို ကြိုးပမ်းကြံဆဆောင်ရွက်သွားရမည်ဖြစ်ရာ ယင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

 

မည်သို့ပင်ဖြစ်စေ လက်ရှိကာလ ကြုံတွေ့နေရသော စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုများကြောင့် ပြည်သူများသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများ၌ ဝန်ထုပ်ဝန်ပိုး ထပ်တိုးဖြစ်မလာစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ရေနံထွက်ပစ္စည်း ဝယ်ယူသိုလှောင်၊သယ်ဆောင်၊ ရောင်းဝယ်၊ ဖောက်ကားသူများ အနေဖြင့် သင့်တင့်မျှတသော အနေအထားဖြစ်အောင် ရှေးရှုဆောင်ရွက်ပေးနိုင်ရေး လိုအပ်ပါကြောင်း။ ။