သုဝဏ္ဏဝတီ မီးလောင်မှု အချိန်မီ ငြှိမ်းသတ်နိုင်မှုကြောင့် နေအိမ်တစ်လုံးသာ ဆုံးရှုံး

သုဝဏ္ဏဝတီ  ၂၂  ဒီဇင်ဘာ 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် အနန်းကုန်းပိုင်းတွင် ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီအချိန်ခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်မူဖြစ်ပွားကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကျိုက္ကော်ရပ်ကွက် အမှတ်(၇၅၅)သုခိတာလမ်းနေ ဒေါ်ကျင်ပု၏ အလျား ၂၅ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၅ ပေ ရှိသော တိုက်ခံအာစီ နှစ်ထပ်ပျဉ်ထောင် နေအိမ်အောက်ထပ်ရှိ လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မူဖြစ်ပွားရာ မီးလောင်ရာသို့ ကျိုက္ကော်နှင့် သိမ်ဆိပ်(သုဝဏ္ဏဝတီမြို့)၊ တံတားဦးကျေးရွာ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် အချိန်မီရောက်ရှိ ငြိမ်းသတ်နေစဉ် သထုံခရိုင် မီးသတ်ယာဉ်များ ထပ်မံရောက်ရှိလာပြီး ဝိုင်းဝန်းငြိမ်းသတ်ပေးမူကြောင့် ၈ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး နေအိမ်တစ်လုံးသာ မီးလောင်ဆုံးရှုံး၍ တစ်ခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ခွန်(ဝင်းပ)