သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ?

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ?

အယ်လ်ဇိုင်းမားရောဂါလို့ စာသံပေသံနဲ့ခေါ်တဲ့ သူငယ်ပြန်ခြင်းဟာ အသက်အရွယ်အိုမင်းတဲ့ ဖိုးဖိုးဖွားဖွား တွေမှာ ဖြစ်ပွါးလေ့ရှိတဲ့ ဝေဒနာတမျိုးပါ။ ဒီရောဂါ ခံစားရပြီဆိုရင် သတိတွေမေ့၊ မသွားတတ်မလာတတ် တွေဖြစ်၊ အမူအကျင့်တွေ ပြောင်းလဲကုန်၊ ရိုးရိုးစာလုံးလေးတွေတောင် မပြောတတ်တော့စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ရတတ်တာမို့ သူငယ်ပြန်တဲ့ ဖိုးဖိုးဖွားဖွားတွေအနေနဲ့ တဦးတည်း အထီးတည်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ ဒါကြောင့်မို့ ကိုယ့်ရဲ့ မိဘပဲဖြစ်ဖြစ်၊ အဖိုးအဖွားပဲ ဖြစ်ဖြစ်၊ အတူနေဆွေမျိုးသားချင်းပဲဖြစ်ဖြစ် အယ်လ်ဇိုင်းမားရောဂါကို ခံစားရပြီ၊ သူငယ်ပြန်ပြီဆိုရင် ကြွေးဟောင်းဆပ်တဲ့အနေနဲ့ ဘယ်လိုမျိုးလေးတွေ ကူညီစောင့်ရှောက်လုပ်ကိုင်ပေးသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။

 

ပထမဆုံး သင်လုပ်ရမယ့် အလုပ်ကတော့ သူငယ်ပြန်နေတဲ့ သက်ကြီးရွယ်အို ဖိုးဖိုးဖွားဖွားကို သင့်မျက်စိအောက်က အပျောက်မခံဖို့ပဲ ဖြစ်ပါတယ်။

တစ်ယောက်တည်း  အပြင်လွှတ်လိုက်တာမျိုး၊အိမ်မှာ တယောက်တည်း ထားခဲ့တာမျိုးတွေကို တတ်နိုင်သမျှ မလုပ်ပါနဲ့။ ထမင်းဟင်းချက်တာ၊ မီးခလုတ်အဖွင့်အပိတ် အစရှိတဲ့ အန္တရာယ်ကြီးတဲ့ အမှုကိစ္စတွေကနေလည်း ပင်စင်ယူခိုင်းလိုက်ပါတော့။ သင်တလှည့်ပြန်ပြုစုဖို့ အချိန်ကောင်းရောက်လာပြီလေ။ ဒါပေမယ့် တချို့အဖွား တွေကျပြန်တော့ ချက်တာပြုတ်တာမျိုးကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်ဆိုတာမျိုးလည်း ရှိသေးတော့ သူတို့ စိတ်ကျေနပ်အောင် သိပ်အန္တရာယ်မများ၊ အထိအခိုက်မရှိနိုင်တဲ့ မီးဖိုချောင်အလုပ်လေးတွေကို ဝိုင်းကူလုပ်ခိုင်းလို့ရပါတယ်။ သင့်အနေနဲ့  မျက်စိဒေါက်ထောက် စောင့်ကြည့်နေဖို့တော့ လိုမှာပေါ့။

 

အဖိုးအဖွားတွေ သောက်နေကျဆေးလေးတွေ (အယ်လ်ဇိုင်းမားအတွက်ဆေး၊ သွေးတိုးဆေး၊ ဆီးချိုဆေး၊ နှလုံးဆေး စသဖြင့်ပေါ့)ကို သတိတရနဲ့ အချိန်မှန်တိုက်ပါ။

ဂရုစိုက်ပေးပါ။ ဆေးပုလင်းတွေအပါအဝင် အန္တရာယ်ရှိတဲ့ ဗူးတွေ၊ ပုလင်းတွေကို သူတို့လက်လှမ်းမီတဲ့ နေရာမှာ မထားပါနဲ့။ ဖိုးဖိုးဖွားဖွားတို့ဟာ ကလေးတွေ တခါပြန်ဖြစ်နေပါပြီ။

 

အယ်လ်ဇိုင်းမားရောဂါဟာ စဖြစ်ခါစမှာ အခြေအနေ မဆိုးရွားလှသေးတာမို့ အဖိုးအဖွားတွေအနေနဲ့ သူတို့ ဘာဖြစ်နေတယ်ဆိုတာကို တခါတရံ နားလည်သဘောပေါက်တတ်ပါတယ်။ ဒီလို အခြေအနေဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း အစရှိတဲ့ ပြဿနာတွေဆီကို ဦးတည်စေတာမို့ သင့်အနေနဲ့ နွေးထွေးတဲ့ မေတ္တာကို မျှဝေပေးဖို့ အရေးတကြီး လိုအပ်ပါတယ်။ စိတ်ကျဝေဒနာကို အတော်လေး ဆိုးဆိုးရွားရွား ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ပါ ဆွေးနွေးတိုင်ပင်သင့်ပါပြီ။

 

ဘာကြောင့်မှန်း မသိရပေမယ့် အယ်လ်ဇိုင်းမား ဝေဒနာရှင်အချို့ဟာ နေဝင်ချိန်တွေ ရောက်ပြီဆိုရင် ထူးထူးခြားခြားကြီး စိတ်အခြေအနေ ဆိုးလာလေ့ရှိပါတယ်။

ဒါကြောင့် ညနေစောင်းပြီဆိုတာနဲ့ အိမ်မှာ မီးတွေကို ထိန်နေအောင် ဖွင့်ပေးထားပါ။သူတို့ ကြိုက်တတ်တဲ့ တီဗွီအစီအစဉ်နဲ့ အာရုံလွှဲပေးတာမျိုး၊ ဘုရားအတူတူဝတ်ပြုရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို လမ်းကြောင်း လွှဲပေးတာမျိုးတွေကို ပြုလုပ်ပေးပါ။

 

သူငယ်ပြန်ခြင်းရဲ့ နာကျင်ရတဲ့ ဝေဒနာနောက်တမျိုးကတော့ လူနာမည်တွေ၊ မျက်နှာတွေကို မမှတ်မိတော့တာပါပဲ။

အရင်းနှီးဆုံးလို့ဆိုရမယ့် အိမ်ထောင်ဖက်အဖိုး/အဖွားကို ဒါမှမဟုတ် အနီးကပ်နေနေတဲ့ သားသမီး၊ မြေးမြစ်တွေိုတောင် မမှတ်မိတော့တာမျိုးတွေ ဖြစ်လာမှာပါ။ ရေတိုဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ အဖိုး/အဖွားနဲ့ အများဆုံး တွေ့နေရမယ့်သူရဲ့ ဓာတ်ပုံကို သူတို့မြင်သာမယ့် နေရာတနေရာမှာ ကပ်ထားပြီး ဓာတ်ပုံအောက်မှာလည်း အဲ့ဒီ့လူရဲ့ နာမည်ကို ပြူးနေအောင် ရေးထားတဲ့ နည်းပါပဲ။ စိတ်မကောင်းစရာကတော့ သင်ဘယ်လိုပဲလုပ်လုပ် နောက်ဆုံးမှာ သင့်ကိုလုံးဝမေ့လျော့သွားမှာဖြစ်ပြီး သူစိမ်းပြင်ပြင်လို့ သဘောထားပြီး ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒါလေးကတော့ ဝမ်းနည်းစရာပါ။ ဘာမှလည်း လုပ်လို့ မရပါဘူး။

 

သူငယ်ပြန်နေတဲ့ အဖိုးအဖွားကို ဂရုစိုက်ရတဲ့ နည်းတူ သင့်ကိုယ်သင်လည်း ဂရုစိုက်ရပါဦးမယ်။

ဒီလိုမှ မဟုတ်ရင် ဒေါသထွက်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ကိုယ်လက်များ လေးလံထိုင်းမှိုင်းခြင်း အစရှိတဲ့ ပြဿနာတွေကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားလာရနိုင်ပါတယ်။ သင်ကိုယ်တိုင် ကျန်းမာပြီး တက်ကြွရွှင်လန်းနေမှသာ သင်ပြုစုနေရတဲ့ သင်ချစ်သော၊ သင့်ကိုချစ်သော ဖိုးဖိုးဖွားဖွားတို့ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ ဒါကြောင့် သင့်အနေနဲ့ ဝါသနာပါရာ၊စိတ်ပျော်ရွှင်ရာ အလုပ်တခုခုကို နေ့စဉ် (မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ်) လုပ်ပေးသင့်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာ၊ ဆွေမျိုး သားချင်းတွေနဲ့ ဆုံတွေ့တာမျိုးတွေကို အခါအားလျော်စွာ ပြုလုပ်ပေးသင့်ပါတယ်။

 

အယ်လ်ဇိုင်းမား ဝေဒနာဟာ တစထက်တစ ပိုပိုဆိုးရွားလာမှာဖြစ်ပြီး အဆုံးသတ်တချိန်မှာတော့ အစာမစားနိုင် တော့တာ၊ စကားမပြောနိုင်တော့တာ၊ လမ်းမလျှောက်နိုင်တော့တာ၊ တုံ့ပြန်မှုမရှိတော့တာ အစရှိတဲ့ လက္ခဏာတွေကိုပါ ခံစားလာရပါလိမ့်မယ်။

ဒီလိုတွေ ခံစားလာရပြီဆိုရင်တော့ ဖိုးဖိုးဖွားဖွားတို့ရဲ့ နောက်ဆုံးခရီးလမ်းမှာ သက်တောင့်သက်သာ ဖြစ်စေဖို့၊ မနာမကျင် ဝေဒနာ မခံစားရစေဖို့အတွက် ဆေးရုံတင်ဖို့ စဉ်းစားရပါမယ်။ ဆေးရုံတင်သင့်၊ မတင်သင့်ကတော့ လူမှုရေး၊ စီးပွားရေး၊ အရင်ကပြောခဲ့ဖူးတဲ့ အဖိုးအဖွားတို့ရဲ့ဆန္ဒ  စတဲ့အချက်တွေအပေါ်မှာ မူတည်နေပါတယ်။

 

သင့်မိဘတစ်ဦးဦး အယ်လ်ဇိုင်းမား ဝေဒနာ ခံစားနေရပြီး သင့်မှာလည်း လူမမည်ကလေးတွေ ရှိနေတယ်ဆိုရင် ဒီရောဂါရဲ့ သဘောသဘာဝနဲ့ ဖြစ်တတ်တဲ့ အခြေအနေတွေကို သူတို့လေးတွေ နားလည်အောင် ရှင်းပြထားဖို့လည်း လိုပါသေးတယ်။ ဒါမှသာ သင့်ရဲ့အတိတ်နဲ့ အနာဂါတ်နှစ်ဦးလုံးအတွက် ပျော်ရွှင်ကြည်နူး စရာကောင်းတဲ့ အမှတ်တရလေးတွေပဲ ကျန်ရှိသွားမှာ ဖြစ်ပါတယ်။

 

သူငယ်ပြန်ခြင်း သို့မဟုတ် အယ်လ်ဇိုင်းမားဟာ ကူးစက်ရောဂါမဟုတ်သလို ကာကွယ်ဖို့၊ ကုသဖို့လည်း သိပ်မလွယ်လှတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ ဒီရောဂါ ခံစားရပြီဆိုရင် ကာယကံရှင်အတွက်ရော၊ အတူနေ မိသားစုအတွက်ပါ စိန်ခေါ်မှုတွေ များလှပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို မေတ္တာတရားရဲ့ အကူအညီနဲ့ ကျော်ဖြတ်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးက အထောက်အကူ တစုံတရာ ဖြစ်စေနိုင်မယ်လို့ ရိုးသားစွာ ယုံကြည်မိပါကြောင်း။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_62.jpg