ရန်ကုန် မတ် ၂၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု တက္ကသိုလ် (ရန်ကုန်) ၏ (၂၇) ကြိမ်မြောက်နှင့် (၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်လည်းကောင်း၊ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မွန်းလွဲ ၁ နာရီ တွင်လည်းကောင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

ဦးစွာ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ တင်တင်ကျော်နှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင် စင်မြင့်တွင် နေရာယူကြပြီး ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက အဓိဋ္ဌာန်ပြု ကတိသစ္စာရွတ် ဆိုကြသည်။

ထို့နောက် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာတင်တင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့များအပ်နှင်းပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် သူနာပြုတက္ကသိုလ် (ရန်ကုန်) ၏ (၂၇) ကြိမ် မြောက်နှင့် (၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူသင်တန်း အောင်မြင်သူ တစ်ဦး၊ သူနာပြု မဟာသိပ္ပံသင်တန်း အောင်မြင်သူ (၅၅) ဦး၊ အရေးပေါ်သူနာပြုစုမှု ပညာဒီပလိုမာ အောင်မြင်သူ ခြောက်ဦး ၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus)သင်တန်း အောင်မြင်သူ (၁၉၄) ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (အဝေးသင်) သင်တန်း အောင်မြင်သူ (၁၇၃) ဦး၊ သူနာပြုသိပ္ပံ (ပုံမှန်) သင်တန်းအောင်မြင်သူ (၅၇) ဦး နှင့်အထူးပြုသူနာပြု ဒီပလိုမာသင်တန်း အောင်မြင်သူ (၇၆) ဦး တို့ကို ဘွဲ့များအပ်နှင်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌လည်း သူနာပြု ပါရဂူ သင်တန်းအောင်မြင်သူ နှစ်ဦး၊ သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင်သူ (၁၆) ဦး၊ သူနာပြုသိပ္ပံ (ပုံမှန်) သင်တန်းအောင်မြင်သူ (၈၀) နှင့် အထူးပြုသူနာပြု ဒီပလိုမာသင်တန်း အောင်မြင်သူ (၅၇) ဦးတို့ကို ဘွဲ့များအပ်နှင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်