သုတေသနဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲ

၁၂ နိုဝင်ဘာ

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ သုတေသနဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဆိုပါစာတမ်းဖတ်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

စာတမ်းဖတ်ပွဲများကျင်းပခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ပြသကဲ့သို့ စာတမ်းရှင်၏ အတွေးအခေါ် အယူအဆများ၊ ကျွမ်းကျင်စွာ သုံးသပ်ပိုင်းခြား ဝေဖန်ဆွေးနွေးမှုများကို နားထောင်ရသည့်အတွက် လွန်စွာတန်ဖိုးရှိသော အလေ့အကျင့်ကောင်းဖြစ်ပါသည်။ စာတမ်းဖတ်ပွဲတို့၌ သုတေသီတို့သည် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို အများပြည်သူတို့ထံ မျှဝေတင်ပြခွင့်ရကြပါသည်။ ပြည်သူ တို့က စာတမ်းအပေါ် ပြန်လည်ဆွေးနွေးမှုသည်လည်း စာတမ်း၏တန်ဖိုးကို မှတ်ကျောက်တင်ပေးပါသည်။ သုတေသနဖွံ့ ဖြိုးရေးစာတမ်းဖတ်ပွဲ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်တစ်ရပ်သည် မြန်မာနိုင်ငံသုတေသန အသင်းကြီးကဲ့သို့သောအသင်းကြီးမျိုး ခိုင်ခိုင်မာမာ ပြန်လည်ဖွဲ့စည်းနိုင်ရေးဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြခဲ့ပါသည်။

 

မန်မာနိုင်ငံ သုတေသနအသင်းကြီးကို ၁၉၁၀ ပြည့်နှစ်၌ ထူထောင်ခဲ့ပါသည်။ ဤအသင်းကြီး၌ မြန်မာပညာရှင်များသာမက ပြည်ပ ပညာရှင်များပါ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ သက်ဆိုင်ရာဌာနအလိုက် သုတေ သနလုပ်ငန်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်၍ သုတေသနဂျာနယ်ကိုလည်း တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ထုတ်ဝေခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်၌ မြန်မာနိုင်ငံသုတေသနအသင်းကြီး ရပ်တန့်သွားခြင်းသည် ကြေကွဲစရာဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ အဆိုပါဖြစ်ရပ်နောက်ပိုင်း သုတေသနလုပ်ငန်း တို့အပေါ်အခြေခံသည့် တက္ကသိုလ်ပညာပဒေသာစာစောင်ကို ထုတ်ဝေနိုင်ခဲ့သော်လည်း နှစ်ပေါင်း (၂၀)ကျော်အကြာ၌ ရပ်တန့်ခဲ့ရပြန်ပါသည်။

 

သုတေသနလုပ်ငန်းတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီအားပေးရန် လိုအပ်သကဲ့သို့ ပညာရှင်အသီးသီးကလည်း ကြိုးပမ်းအားထုတ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် လူငယ်မျိုးဆက်သစ်တို့၌ သုတေသနမျိုးစေ့ ရှင်သန်ရေးသည် နိုင်ငံတော်အတွက် အထူးအရေးကြီးသော ကိစ္စရပ်ဖြစ်ပါသည်။ သုတေသနလုပ်ငန်းတို့သည် ပြည်သူတို့၏ ပကတိဘဝကို ထင်ဟပ်နိုင်ပါက ပညာရပ်ပိုင်းဆိုင်ရာကိုသာမက တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုကိုပါ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သုတေသီပညာရှင်တို့သည် ပြည်သူတို့၏ နေ့စဉ်ဘဝအတွင်းသို့ဆင်း၍ သုတေသနလုပ်ငန်းတို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပခဲ့သော “သုတေသန ဖွံ့ဖြိုးရေးစာတမ်းဖတ်ပွဲ” သည် တိုင်းပြည်၏ လိုအပ်ချက်ကွက်လပ် တစ်ခုကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ် ပါသည်။ ။(မြန်မာ့အလင်း)