သုတေသနဖွံ့ဖြိုးမှ နိုင်ငံတိုးတက်မည်

၁၂ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေး၊ သုတေသနအသင်းအဖွဲ့များ တိုးတက်ဖြစ်ပေါ်လာစေရေးနှင့် မြန်မာနိုင်ငံသုတေသနအသင်းကြီး ပြန်လည်ထူထောင်နိုင်ရန် နည်းလမ်းများ ရှာဖွေရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၌ ကျင်းပလျက်ရှိရာတွင် ပညာရှင်အသီးသီးတို့၏ သုတေသနဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ ဆွေးနွေးဟောပြောမှုများမှာ မှတ်သားစရာဖြစ်သည်။

 

သုတေသနဟူသည်မှာ လက်ငင်းအားဖြင့် အကျိုးရလဒ်ကို မမြင်နိုင်သော်လည်း ရေရှည်အားဖြင့် အကျိုးရလဒ်ကြီးမားသော လုပ်ငန်းဖြစ်သည်။ တစ်နည်းဆိုသော် လက်ငင်း၌ အကျိုးမခံစားရနိုင်သေးသော် လည်း နောင်အရှည်သုံး၍မကုန်သော ပညာရွှေအိုးကြီးပင်ဖြစ်သည်။ လက်ငင်းအကျိုးကို ရှေးရှုခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းတစ်ခေတ်တွင် ရှေရှည်အကျိုး ဖြစ်စေမည့် သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးကို အားပေးမြှင့်တင် ထူထောင်ခဲ့ခြင်းမရှိသဖြင့် သုတေသနလုပ်ငန်းများ နှစ်ပေါင်းရှည်ကြာ တိမ်မြုပ် ပျောက်ကွယ် ခဲ့ရသည်။ ယခု ပြန်ကြားရေးဝန်ကြီးဌာနက သုတေသနလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် မြှင့်တင်ဆောင်ရွက်ပေးမှုမှာ အထူးကောင်းမွန်သောလုပ်ဆောင်ချက်ပင်ဖြစ်သည်။

 

မန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများ၊ သုတေသနအသင်းများ ရှေးကာလကရှိခဲ့ဖူးပါသည်။ ၁၉၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသုတေသန အသင်းကို ပထမဆုံးစတင်ဦးဆောင်ထူထောင်သူမှာ မစ္စတာ ဖာနိဗဲလ် ဖြစ်ပြီး ဆက်လက်အကောင်အထည်ဖော်သူမှာ ဦးမေအောင်၊ မှော်ဘီဆရာသိမ်း၊ ဦးထွန်းငြိမ်းတို့ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က အသင်းဝင်ဦးရေ ၂၁၃ ဦးရှိကာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး နှစ်စဉ်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့သည်။ ၁၉၁၁ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။

 

ကောင်းမြတ်သောရည်ရွယ်ချက်၊ ကောင်းမွန်သောလမ်းစဉ်ဖြင့် မြန်မာနိုင်ငံသုတေသနအသင်းကြီးကို တည်ထောင်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ အသင်းကြီးတွင် နိုင်ငံခြားသားများနှင့် တိုင်းရင်းသားများ မျှမျှတတပါဝင်လှုပ်ရှားခဲ့သည်မှာ အားရဖွယ်ဖြစ်သည်။ သုတေသန အသင်းကြီးတွင် ထင်ရှားကျော်ကြားသော ပညာရှင်မျိုးစုံတို့ပါဝင်ပြီး တန်ဖိုးကြီးမားသော ပညာရပ်မျိုးစုံ၊ သိမှတ်ဖွယ်ရာအမျိုးမျိုးတို့ကို စုဆောင်းသိုမှီးကာ ပြည်သူတို့အား ပြန်လည်ဝေမျှပေးနေသည့် ပညာဘဏ် တိုက်ကြီး ဖြစ်သည်။

 

ထိုကဲ့သို့ တန်ဖိုးကြီးမားသော ပညာဘဏ်တိုက် သုတေသနအသင်းကြီး၊ သုတေသနလုပ်ငန်းများ ပြန်လည်ပေါ်ထွန်းလာအောင် ယခုကဲ့သို့ စတင်အကောင်အထည်ဖော်လိုက်ခြင်းကို ဝမ်းမြောက်ဝမ်းသာကြိုဆို ရမည်ဖြစ်သလို အသင်းကြီးနှင့်လုပ်ငန်းများကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အစိုးရအဖွဲ့အစည်းများသာမက စိတ်ဝင်စားသူပြည်သူများပါ ဝိုင်းဝန်းလက်တွဲ ကာ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

 

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် သုတေသနလုပ်ငန်း၊ သုတေသန အသင်းများ ခိုင်မာအားကောင်းသည်ကို တွေ့ရမည်ဖြစ်သည်။ သုတေသနပြုလုပ်ခြင်းဖြင့် ရရှိလာသည့်အသိအမြင်များဖြင့် အနာဂတ်တွင် ပိုမိုကောင်းမွန်မှန်ကန်တည့်မတ်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် နယ်ပယ်အသီးသီးမှ တတ်သိသူများ၊ ပညာရှင်များ၏ လေ့လာ စုဆောင်းမှတ်သားသိရှိထားသည်များကို ပုံနှိပ်ထုတ်ဝေခြင်း၊ ဆွေးနွေး ဟောပြောခြင်းတို့ပြုလုပ်ခြင်းဖြင့် ပြည်သူများအား ပြန်လည်မျှဝေအသိပေး ခြင်းဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများ၏ အသိအမြင် ဗဟုသုတမြင့်မားတိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီး ဖွံ့ဖြိုးရေးတွင် အထောက် အပံ့ကောင်းများရရှိရေးအတွက် အထူးအရေးပါသော ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများ၊ သုတေသန အသင်းဖွဲ့စည်းထူထောင်ရေး လုပ်ငန်းများတွင် ပြည်သူအားလုံး တက်ကြွစွာ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ။(ကြေးမုံ)