သတ်သတ်လွတ်စားသူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ဝိတ်ချချင်လို့ပဲဖြစ်ဖြစ် အသားစားရတာ ငြီးငွေ့လာလို့ပဲဖြစ်ဖြစ် ဘာသာရေးအယူအဆ တစ်ခုကြောင့်ဖြစ်ဖြစ် အသီးအရွက်တွေချည်းစားနေတဲ့ သတ်သတ်လွတ်သမားတွေရှိမှာပါ။ သတ်သတ်လွတ်စားရင် အသားအရေလှတယ် ကိုယ်အလေးချိန်လည်းထိန်းနိုင်တယ်ဆိုပေမယ့် မျှတတဲ့ အာဟာရတစ်ခုကို အသီးအရွက်ချည်းပဲ စားတာကနေ မရနိုင်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ကျန်းမာတဲ့ ကိုယ်ခန္ဓာတစ်ခုပိုင်ဆိုင်ဖို့ဆို အသားငါး အသီးအရွက် ထမင်းစတဲ့ အုပ်စုကြီးတွေ မျှတအောင် စားဖြစ်ဖို့လိုတယ်လေ။ ဒီတော့ သတ်သတ်လွတ် အသီးအရွက်ကြီးပဲ စားနေတဲ့ လူတွေ အတွက် သတိထားစရာ ကျန်းမာရေးပြဿနာတွေ ပေါ်လာတော့တာပေါ့ ။

 

သတ်သတ်လွတ်စားသူတိုင်း ဘယ်လိုကျန်းမာရေးပြဿနာတွေကို သတိထားရမလဲ ။ ။

 

( ၁ ) ပဲအစားများခြင်းကနေ လေထိုးလေအောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။

 

သတ်သတ်လွတ်သမားတွေက အသားဓာတ် ပရိုတိန်းဓာတ်ရဖို့ ပဲ ကိုအဓိကထားစားရတယ်မလား။ ဒီ ပဲအမျိုးမျိုးမှာပါဝင်တဲ့ lectins နဲ့ phytates ဓာတ်က လေထိုးလေအောင့် လေပွတဲ့ပြဿနာကို အဓိကဖြစ်စေတဲ့ တရားခံတွေပါ။

 

( ၂ ) ပဲပိစပ် Soy protein ဟာ ဟော်မုန်းတွေ ကို  အနှောင့်အယှက်ပေးပါတယ်။

 

သတ်သတ်လွတ်သမားတွေ နောက်တစ်မျိုးအားထားတဲ့ Soy protein ပဲပိစပ် ပရိုတင်းဟာ ဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင်နဲ့ သိုင်းရွိုက်ဟော်မုန်းအပေါ် သွားပြီး သက်ရောက်မှု ရှိပါတယ်။ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် ကျန်းမာရေးအခြေအနေတစ်ချို့လည်း ပြောင်းလဲသွားပါလိမ့်မယ်။

 

( ၃ ) အသားမစားတာကြောင့် အသားကနေရတဲ့ သံဓာတ် ချို့တဲ့မှု တွေ များလာပါလိမ့်မယ်။

 

သံဓာတ်ဆိုတာ သွေးအားကောင်း စေဖို့အတွက် အဓိကလိုအပ်တဲ့ ဓာတ်တစ်ခုလေ။ ဒီသံဓာတ်က အနီရောင်အသားတွေမှာ အများဆုံးပါတာဆိုတော့ သတ်သတ်လွတ်သမားတွေအတွက် ဒီ သံဓာတ်ချို့တဲ့မှုက ပြဿနာတစ်ခု ဖြစ်လို့နေတာပေါ့။ ဒါ့ကြောင့် သတ်သတ်လွတ် သမားတွေ သံဓာတ်အားဖြည့် ဖြည့်စွက်ဆေးတွေ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်။

 

( ၄ ) အိုမီဂါ ၃ မစားဖြစ်တာကြောင့် စိတ်ကျဝေဒနာခံစားရဖို့ အလားအလာလည်း များပါတယ်။

 

သတ်သတ်လွတ်ဆိုတော့ ငါးလည်းမစားရတာကြောင့် ငါးတွေကနေတစ်ဆင့်ရတဲ့ အိုမီဂါ ၃ ( omega 3 ) ဓာတ် မရတာကတစ်ကြောင်း အစေ့အဆံတွေ ပိုစားဖြစ်တော့ အိုမီဂါ ၆ ( omega 6 )  အာဟာရဓာတ်တွေ အများကြီးရနေတာက တစ်ကြောင်းနဲ့ သတ်သတ်လွတ်သမားတွေက စိတ်ကျဝေဒနာခံစားဖို့ အလားအလာပိုများပါတယ်။

 

( ၅ ) ဗီတာမင် b12 ချို့တဲ့တဲ့ ဒဏ်ကိုလည်းခံစားရနိုင်ပါတယ်

 

သွေးအားနည်းတာ ၊နုန်းခွေတာနဲ့ အာရုံထွေပြားတာတွေရဲ့ အဓိက တရားခံဖြစ်တဲ့ ဗီတာမင် B12 ချို့တဲ့ခြင်းဟ ာ သတ်သတ်လွတ်သမားတွေ အဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။ ဗီတာမင် B12က အသားတွေမှာ အဓိကပါဝင်တဲ့ဓာတ်တစ်ခု မဟုတ်လား။

 

( ၆ ) ဇင့်ဓာတ်စုပ်ယူမှု အပိုင်းမျာလည်း ထိခိုက်မှု ရှိသွားနိုင်ပါတယ်။

 

အသီးအရွက်တွေမှာပါတဲ့ phytic acid ဟာ ကိုယ်တွင်း ဇင့်ဓာတ်စုပ်ယူမှုကို တားဆီးလိုက်တာကြောင့် သတ်သတ်လွတ်သမားတွေ ဇင့်ဓာတ်ချို့တဲ့တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဇင့်ဓာတ်ဖြည့်စွက်အားဆေးကို သောက်ပေးဖို့လိုပါတယ်။

 

( ၇ ) အသားမစားဘဲ ထမင်းကြီးပဲအစားများတာကြောင့် ကာဘိုဟိုက်ဒရိတ်လည်း အဝင်များနေပါလိမ့်မယ်။

 

အသားမစားဘဲ ထမင်းနဲ့ အသီးအရွက်ချည်းပဲ စားတဲ့အခါ ကာဘိုဟိုက်ဒရိတ်ဓာတ်တွေ အစားများပြီး အဝလွန်တဲ့ပြဿနာ ကိုယ်အလေးချိန်တက်လာတဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

 

 

 

ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်