သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT ကို လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၅

 

ခေတ်မီဒီဂျစ်တယ် နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖြင့် လယ်ယာကဏ္ဍ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) ကို လက်တွေ့ ပြောင်းလဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြည်သူများအား မိမိဝန်ကြီးဌာနက ဝန်ဆောင်မှုပေးလျက်ရှိနေသည့် လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးတို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT ကို ယခုထက်ပိုမို ကျယ်ပြန့်စွာ သုံးစွဲရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

 

လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပြန်အလှန် ဆက်စပ်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များမှ တာဝန်ရှိသူများအကြား လုပ်ငန်းနယ်ပယ်အလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းဖြင့် ခေတ်မီဒီဂျစ်တယ်နည်းပညာ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ပြီး ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ်ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်း စကားဝိုင်း အစီအစဉ်ကျင်းပခဲ့ရာ  ပဉ္စမအကြိမ်အဖြစ် ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲကို “သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ICT ကို လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည်။

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက် ရောက်ဆွေးနွေးကြသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြောင်းလဲလာသည့် နေ့စဉ်လူနေမှုဘဝပုံစံသစ်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ICT  နည်းပညာသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသကဲ့သို့ လယ်ယာကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျောက် ခေတ်မီဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်လည်း ဒီဂျစ်တယ်နည်းပညာကို ပိုမိုတွင်ကျယ် ထိရောက်စွာအသုံးချရန် လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများ၊ တောင်သူ လယ်သမားများ အနေဖြင့်လည်း မိုဘိုင်းဖုန်းသုံးစွဲမှု တွင်ကျယ်လာလျက်ရှိရာ ဆက်သွယ်ရေး နည်းပညာ အခြေခံသည့် တောင်သူပညာပေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်