သတင်းအချက်အလက်ခေတ်မှာ ရှင်သန်နိုင်ဖို့

၁၃  နိုဝင်ဘာ

 

နှစ်ဆယ်ရာစုအကုန်နှစ်များမှာ ကမ္ဘာ့သတင်းနှင့်အချက်အလက်ဆိုင်ရာ မဟာအဝေးပြေးလမ်းမကြီးများ၏ အခန်းကဏ္ဍ စတင်ရှေ့တန်း ရောက်လာသည်။

 

အထူးသဖြင့် နိုင်ငံတကာမှာ သတင်းနှင့်အချက်အလက်များကို ရရှိနိုင်ရေး၊ အမြန်ဆုံး ဖြန့်ကြက်နိုင်ရေးဆိုသည်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်လာခဲ့သည်။

 

သတင်းနှင့် အချက်အလက်စုံလင်စွာ ရရှိထားသူက အရာရာမှာ ရှေ့ကပြေးနေသူများဖြစ်လာ၏။ သည်လိုနှင့် သတင်းနှင့် အချက်အလက်များကို ဘယ်လိုရရှိအောင်လုပ်မလဲ၊ ရရှိသည့် သတင်းအချက်အလက်များကို ဘယ်လိုဖြန့်ကြက် ပေးပို့နိုင်မလဲ ဆိုသည့်ကိစ္စရပ်များတွင် အပြိုင်အဆိုင်ဖြစ်လာခဲ့ကြသည်။

 

နိုင်ငံရေးရာများတွင် သိသိသာသာ ထူးခြားပြောင်းလဲမှုများရှိခဲ့သည်မှာ ထင်ရှားလှသည့် ဥပမာဟုဆိုရပါမည်။ မြန်မာနိုင်ငံတွင်းရှိ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးအရာများတွင် သတင်းနှင့်အချက်အလက်များ ဖြန့်ဝေနိုင်မှု မည်မျှ သွက်လက်ထက်မြက်သလဲဆိုသည်က မည်မျှလောက် တာသွားသလဲဆိုခြင်းက သိသာစွာ သိမြင်ခဲ့ကြရပြီးဖြစ်၏။ သတင်း အချက်အလက်များဆိုင်ရာ နယ်ပယ်တွင်းရှိ ကျင့်ဝတ်သိက္ခာ မစောင့်စည်းကြခြင်း၊ အချက်အလက် အမှားအယွင်းများကို ပြင်ဆင်အတုပြုလုပ်ပြီး လျင်မြန်မှု လက်ဦးမှု ဖြန့်ကြက်နိုင်သည့် နယ်မြေကျယ်ဝန်းမှုတို့ကို ငွေအား လူအား အတတ်ပညာအားတို့ဖြင့် ဖန်တီးကြခြင်းတို့ကြောင့် နိုင်ငံတကာ နယ်ပယ်တွင်း၌ ကြီးမားသည့်အခက်အခဲများ ရင်ဆိုင်ခဲ့ရခြင်းတို့က မြန်မာနိုင်ငံအတွက် ခါးသီးသည့် သင်ခန်းစာများ ဖြစ်ပါလိမ့်မည်။

 

အမှန်တရားကို မည်မျှအားထားသည်ဆိုစေကာမူ သွက်လက်မြန်ဆန်သည့် အဓမ္မသမားတို့၏ လုပ်ကြံဖန်တီးမှုတို့ကြောင့် လက်ငင်းကာလတွင် မလိုလားအပ်သည့် ရင်ဆိုင်ဖြေရှင်းစရာတို့ အုံနှင့်ကျင်းနှင့် ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလား။

 

သည်လို သတင်းအချက်အလက်များရယူနိုင်ခြင်း၊ ပြည်သူတို့ အလွယ်တကူ ရယူသိရှိနိုင်ခြင်းတို့သည် နိုင်ငံတကာ၌ အထူးတလည် အရေးပေးလာသည့်ခေတ်တွင် မြန်မာနိုင်ငံတွင်လည်း အမီလိုက်နိုင်ရန် ပြင်ဆင်အားထုတ် ကြိုးပမ်းရန် လိုအပ်လာပြီဟု ယူဆပါသည်။

 

မြန်မာနိုင်ငံ၏ လက်ငင်းအနေအထားက နိုင်ငံတကာသတင်းများ ရယူရန်ထက် ပြည်တွင်းသတင်းအချက်အလက်များ ရယူရာမှာ ပိုမိုခက်ခဲနေသည်ဟု ထင်မြင်ပါသည်။ ထို့အတူပင် မိမိတို့၏ သတင်းအချက် အလက်မှန်များကို ပြည်တွင်းပြည်ပများသို့ ယခုထက် ပိုမိုထိရောက် မြန်ဆန်သည့် ချဲ့ထွင်ဆောင်ရွက်ရေး အစီအမံများကို ဦးစားပေး ဆောင်ရွက်သင့်ပြီဟုလည်း ထင်မြင်ပါသည်။

 

သည့်အတွက် သတင်းနှင့်အချက်လက်မှန်များ ရရှိနိုင်ရေး၊ ဖြန့်ဝေနိုင်ရေးကို အထောက်အကူဖြစ်မည့် ဌာနများ နိုင်ငံအနှံ့ တည်ထောင်နိုင်ရန် လိုအပ်ပါမည်။ ယခုအခါ အနယ်နယ်ရှိ ပြည်သူ့စာကြည့်တိုက်များ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသည့် စီမံကိန်းများနှင့်တွဲလျက် လုပ်ကိုင်နိုင်မည့် အချို့သော သတင်းရယူနိုင်ရေးများ လုပ်ကိုင်ရန် စဉ်းစား ပြင်ဆင်နေသည်ဟု သိရသည်များလည်းရှိသည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုရပါသည်။

 

နိုင်ငံတွင်း၌ ပြည့်စုံသည့် အမျိုးသားစာကြည့်တိုက်ကြီးများ ပေါ်ထွန်းရေး အစီအစဉ်ထဲတွင် သတင်းနှင့် အချက်အလက်ဆိုင်ရာ ဗဟိုဌာနကြီးများ ပါဝင်ရေးကို ထည့်သွင်းစဉ်းစား တည်ထောင်ခြင်းဖြင့် ပြည်တွင်း သတင်းနှင့် အချက်အလက်မှန်များ ရယူရေးအတွက် တစ်တပ်တစ်အား အထောက်အကူဖြစ်ပါလိမ့်မည်။ နိုင်ငံတကာရှိ အမျိုးသား စာကြည့်တိုက်များရှိ အင်ဖော်မေးရှင်းစင်တာကြီးများ (သတင်းနှင့်အချက်အလက် ဗဟိုဌာနများ) ပါဝင်သည်ကို နမူနာ ယူနိုင်ပါလိမ့်မည်။

 

အမျိုးသားစာကြည့်တိုက်ကြီး ပြင်ဆင်တည်ဆောက်မည်ဆိုလျှင် အဆောက်အအုံ၏ ခမ်းနားကြီးကျယ်မှု၊ ဆေးရောင်အသစ်များ ဝင်းဝင်းတောက်နေမှု စသည့်ကိစ္စများတွင်သာ အာရုံစိုက် အမွှမ်းတင်နေ၍ မရဘဲ မြို့နယ်အသီးသီးမှာ ရှိနေသည့် ကွန်ရက်များကိုအခြေခံကာ သတင်းအချက်အလက်များကို ရယူသိုမှီး ပို့ဆောင်ရင်း သတင်းနှင့် အချက်အလက် ဗဟိုဌာနများနှင့် ချိတ်ဆက်စုဆောင်းနိုင်မည့် အစီအစဉ်များ လိုအပ်ပါမည်။

 

ယနေ့မြန်မာနိုင်ငံ၏ သတင်းနှင့်အချက်အလက်ရယူနိုင်မှု အခြေအနေက မြို့နယ်များရှိ လူဦးရေ၊ မှုခင်းဖြစ်ပွားမှုနှုန်း၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကိုပင် အလွယ်တကူရယူနိုင်ခြင်း မရှိသေးသည်မှာ လက်တွေ့ ဖြစ်ပါသည်။

 

ထို့ပြင်၊ အဆိုပါ ဗဟိုဌာနများက သတင်းနှင့် အချက်အလက်များစွာကို သိုမှီးရယူစုဆောင်းနိုင်မည့် နည်းပညာများ၊ ကွန်ပျူတာအစ ရှိသည့် ကိရိယာပစ္စည်းများကို ဖြည့်ဆည်းဝယ်ယူ ထားရုံမျှနှင့် မရနိုင်။ အမှန်တကယ် ကျွမ်းကျင်သည့်ပညာရှင်များ ပေါ်ပေါက်ရေး၊ သတင်းနှင့် အချက်အလက်များရယူနိုင်မည့် အရင်းအမြစ်များ စုဆောင်းနိုင်ရေး၊ လူထုပညာပေးရေး၊ ခိုင်လုံသည့် သတင်းနှင့် အချက်အလက်များကို စနစ်တကျ သိုမှီးရင်း ကျယ်ပြန့်စွာ ဖြန့်ချိနိုင်မည့် လုပ်ငန်းများကို ပုဂ္ဂလိက အစိုးရသတင်းဌာနများနှင့် လက်တွဲဆောင်ရွက်နိုင်ရေးတို့အတွက် ခိုင်လုံသည့် သတင်းအချက်အလက် ဗဟိုဌာနကြီးများ ပေါ်ပေါက်နိုင်ရန် အလေးပေး ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း