သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို လှိုင်နယ်မြေ၌ ပြောင်းရွှေ့ ဖွင့်လှစ်မည်

ယခုဖွင့်လှစ်မည့်  သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို ခြောက်ထပ်ဆောင် နှစ်ဆောင်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်နှစ်ဘတ်ဂျက် ရရှိသည့်အခါ အဆောင်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်ပြီးပါက ဆရာ ဆရာမဦးရေ ၁၂၀ နှင့် ပထမနှစ်မှ မာစတာတန်းအထိ ကျောင်းသားကျောင်းသူ ၁၀ဝ၀ ခန့် သင်ကြားနိုင်မည်ဖြစ်သည်။ Ph.D အတန်းများကိုလည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။“ဒီဇင်ဘာ ၄ ရက်နေ့မှာ တခြားတက္ကသိုလ်တွေလို ဖွင့်မယ်လို့ လျာထားခဲ့ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းက မပြီးပြတ်သေးတာရယ်၊ လျှပ်စစ်မီးကလည်း ထရန်စဖော်မာတွေ ပြန်ထိုင်ရမယ်။ စာသင်ခန်းတွေကလည်း အဆင်သင့် မပြီးစီးသေးတာကြောင့် ကျောင်းဖွင့်ချိန် နောက်တစ်လ ရွှေ့လိုက်တာပါ။ အဓိကက ကျောင်းသား ကျောင်းသူတွေ သက်တောင့်သက်သာ အေးအေးချမ်းချမ်းနဲ့ ပညာ သင်ကြားဖို့ဖြစ်ပါတယ်”ဟု သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေး ပြောသည်။

နောက်ဆုံးနှစ် (ပဉ္စမနှစ်) ကျောင်းသားကျောင်းသူများကို လုပ်ငန်းခွင်အတွေ့ အကြုံရရှိစေရန် ပြည်တွင်းကုမ္ပဏီများနှင့် ပြည်ပအခြေစိုက်ဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ စင်ကာပူ စသည့်ကုမ္ပဏီပေါင်း ၃၁ ခုနှင့် ချိတ်ဆက်၍ လက်တွေ့ သင်ယူစေခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကုမ္ပဏီများ၌ လက်တွေ့ ပရိုဂရမ်ရေးနည်း၊ ဆော့ဝဲလ်ရေးနည်းစသည့် နည်းပညာများကို တိုက်ရိုက်လေ့လာ နိုင်သည့်အတွက် စာသင်ခန်းတွင် အထောက်အကူများစွာ ရရှိကြောင်းသိရသည်။“အဓိက သင်ကြားတာကတော့ ကွန်ပျူတာ ဘာသာရပ်ကို အထူးပြုသင်ကြားပြီး   အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်အနေနဲ့ သတ်မှတ်ထားပါတယ်။ တက္ကသိုလ်ဝင်ခွင့် ရမှတ် ၄၈၇ မှတ်နဲ့ ကျောင်းသားကျောင်းသူ ၂၀ဝ လက်ခံပါတယ်။ အရင်နှစ်တွေက မိန်းကလေးဦးရေ ပိုများပေမယ့် ဒီနှစ်မှာက ကျောင်းသားကျောင်းသူ ဦးရေက မျှတတယ်။ ဒါက ထူးချွန်တဲ့ ကျောင်းသားကျောင်းသူ တွေအနေနဲ့ IT နည်းပညာကို ပိုပြီး စိတ်ဝင်တစား ရှိလာတယ်လို့ ထင်မိပါတယ်။ အမှတ်မီတဲ့ ကျောင်းသားကျောင်းသူတွေ လျှောက်ထားမှု များပြားတာကြောင့် အခု ပထမနှစ်မှာ ၂၂၀ ဦးအထိ လက်ခံသင်ကြားသွားမှာ ဖြစ်ပါတယ်”ဟု ပါမောက္ခချုပ်က ဆက်လက်ပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသားရေးရာဌာန  ဌာနမှူး ဒေါ်တင်တင်ထွေး က  “ အဆောင်အနေနဲ့ ကျွန်မတို့မှာ ကိုယ်ပိုင်အဆောင် မရှိသေးပါဘူး။ လှော်ကားဘက်က အဆောင်တွေမှာရော ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကပိုင်တဲ့ ကျောင်းဆောင် တွေမှာပါ ကျောင်းသား ကျောင်းသူဦးရေ ၂၀ဝ ဝန်းကျင်ထားပါတယ်”ဟု ပြောသည်။၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခု သက်တမ်း ငါးနှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ဘွဲ့ရ ကျောင်းသား ကျောင်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု မြင့်မားရုံမက နိုင်ငံတကာ ကုမ္ပဏီများကလည်း အလုပ်ခန့်ထားမှု များပြားကြောင်း သိရသည်။

သတင်း - ဥမ္မာသန့်၊ မြတ်စန္ဒီ