ကော့သောင်း  နိုဝင်ဘာ ၂၃

ကမ်းဝေးငါးဖမ်းစက်လှေများကို စောင့်ကြည့်ထိန်းချုပ်ရန် VMS စက်ကို မြိတ်မြို့တွင် ထားရှိပြီး ကမ်းရိုးတန်းဒေသများဖြစ်သော ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ မွန်ပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တပ်ဆင်ထားသောစက်များဖြင့် စောင့်ကြည့်လျက် ရှိကာ နေပြည်တော်တွင် အထိုင်စက်ထားရှိ၍ ပင်လယ်ပြင်တွင် ငါးဖမ်းဆီးမှုကို ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

“ကမ်းရိုးတန်း ၄ ခုနဲ့ နေပြည်တော်မှာရှိတဲ့ VMS စက်တွေက ဝန်ထမ်းတွေဟာ ၂၄ နာရီ အလှည့်ကျ တာဝန်ထမ်းဆောင်ပြီး စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေကို စစ်ဆေးအရေးယူနေတယ်။ ဒါဟာ ပင်လယ်ပြင် ငါးသယံဇာတ ရေရှည်တည်တံ့ဖို့နဲ့ နိုင်ငံ‌တော် အခွန်ငွေမရဘဲ ပြည်ပကိုရေထွက်ကုန်တွေ မရောက်အောင်ထိန်းချုပ်တာပါ။ ရေထွက်ကုန်ကို အီးယူအပါအဝင် နိုင်ငံတကာကို တင်ပို့မယ်ဆိုရင် တရားမဝင် ငါးဖမ်းဆီးမှု မဖြစ်အောင် ဆောင်ရွက်ရပါတယ်။ တရားဝင်ငါးပုစွန် ဖမ်းဆီးမှုကရရှိတဲ့‌ ရေထွက်ကုန်ဖြစ် ကြောင်း VMS စက်တွေနဲ့စောင့်ကြည့်ပြီး တရားဝင်ဖမ်းဆီးမှုကရရှိတဲ့ ငါး၊ ပုဇွန်ဖြစ်ကြောင်း လက်မှတ် ထုတ်ပေးရတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက် လှေ(၈၃) စင်းကို အရေးယူဆောင်ရွက်ထားပါတယ်” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးတင်ထွဋ်က ပြောသည်။

ကမ်းဝေးငါးဖမ်းစက်လှေများအနေဖြင့် VMS စက်ကို ပင်လယ်ပြင်သတ်မှတ် ဧရိယာ အတွင်း စက်လှေတစ်စင်းတွင်ထားရှိ၍ အခြားသောနေရာများသို့သွားရောက်ခြင်း၊ ကမ်းနီး ဧရိယာတွင် ဝင်ရောက်ဖမ်းဆီးခြင်းတို့ပြုလုပ်ပါက ကုမ္ပဏီနှင့် ရေယာဉ်ပိုင်ရှင်တို့ကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင်ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပင်လယ်ပြင်မှကမ်းနီးဧရိယာတွင် ဝင်ရောက်သောရေယာဉ် (၃၃) စင်း၊ ကမ်းနီးဧရိယာတွင် ဝင်ရောက်ဖမ်းဆီးသောငါးဖမ်းရေယာဉ်(၁၁)စင်း၊ VMS စက်ကို ကမ်း တွင်ဖြုတ်၍ ပင်လယ်ပြင်ထွက်ခွာသော ငါးဖမ်းရေယာဉ်(၃၆)စင်း၊ ပင်လယ်ပြင်တွင်(၄) နာရီ ထက်ကျော်လွန်၍ အချက်ပြစက်ရပ်ထားပြီး ဆိပ်ကမ်းသို့ပြန်မဝင်သော ငါးဖမ်းရေယာဉ် (၁)စင်း၊ VMS စက်ကိုပိတ်၍ ပင်လယ်ပြင်ထွက်ခွာသောရေယာဉ်(၁)စင်း၊ ဌာန၏ခွင့်ပြုချက် မရှိဘဲ VMS စက်ကိုဖြုတ်သော ရေယာဉ်(၁)စင်း စသည်ဖြင့် စုစုပေါင်း(၈၃)စင်းကို အရေးယူ ဆောင်ရွက်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ရာသီပိတ်ကာလ၌ ငါးမဖမ်းရသတ်မှတ်ထားသော မေလမှ ဇူလိုင်လအထိ (၃)လတွင် ကမ်းတွင်စက်ပျက်ရပ်နားမှုကြောင့် ရေယာဉ်ပိုင်ရှင် (၁၂)ဦးနှင့် ကုမ္ပဏီ(၁)ခုကိုလည်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ညိမ်းသူ ( သတင်းစဉ် ) ဓာတ်ပုံ - ကနူး