သတိဖြင့် ကိုဗစ်-၁၉ ရောဂါကို ရှာဖွေတိုက်ဖျက်

၁၀  အောက်တိုဘာ

မျက်မှောက်အချိန်ကာလတွင် လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦးအနေဖြင့် သတိဖြင့်နေထိုင်ကြရန် လိုအပ်ပါသည်။ ထိုသတိမှာ တစ်ဦးနှင့်တစ်ဦး ကျန်းမာရေးအရ သတိထားရှိရန် ဆိုလိုခြင်းဖြစ်သည်။ ကျန်းမာရေး နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ ကိုဗစ်-၁၉ ရောဂါကင်းစင်သည်ဟု မယုံကြည်ရန်ဖြစ်သည်။ သတိထားပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရမည်ဖြစ်သည်။

သတိထားသည်ဆိုရာ၌ မိမိကိုယ်မိမိလည်း သတိရှိဖို့လိုသလို သူတစ်ပါး (မိမိ မိသားစုအပါအဝင်) ကိုလည်း သတိထားဖို့လိုအပ်ပေသည်။ လက်ရှိ၌ သတိဖြင့် ဆောင်ရန်ရှောင်ရန်တို့ကို လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယနေ့အချိန်ကာလတွင် မိမိကိုယ်ကိုလည်း သတိမရှိ၊ သူတစ်ပါး အပေါ်တွင်လည်း သတိမရှိဘဲနေထိုင်ခြင်းသည် ပေါ့ပေါ့ဆဆနေထိုင်ပြုမူ လုပ်ကိုင်ခြင်းဖြစ်၍ ကျန်းမာရေးအရ အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေသောကာလဖြစ်သည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ လူနာများ နေ့စဉ်တစ်ထောင်ကျော် ရှာဖွေတွေ့ရှိနေသည်။ ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုများပြားနေခြင်းသည် ရောဂါလက္ခဏာမပြသည့် ပိုးရှိသူများ လူထုကြားထဲ၌ ရှိနေခြင်းကြောင့် ရောဂါကူးစက်မှုများ များပြားလာခြင်းဖြစ်သည်။ ထို့ကြောင့် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်နှင့် လိုအပ်၍ အိမ်ပြင်ထွက်လျှင် တစ်ဦးနှင့်တစ်ဦး သတိထားကာ ခပ်ခွာခွာနေထိုင်ကြရမည်ဖြစ်သည်။

ယခုကဲ့သို့ ရောဂါပြန့်ပွားကူးစက်မှု မြင့်မားနေသည့်အခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် မိမိတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ တစ်စုံ တစ်ရာသံသယရှိပါက သက်ဆိုင်ရာ(ဆေးရုံ၊ ဆေးခန်း)သို့ ဆက်သွယ် အကြောင်းကြားရန် လိုအပ်ပေသည်။ သို့သော် အလွန်အကျွံစိုးရိမ်မှုဖြစ်ကာ စိတ်သောက ရှာကြံပြီး မဖြစ်ရန်လိုသည်။ မိမိကိုယ်မိမိ သေချာစွာ စစ်ဆေး ဆုံးဖြတ်ပြီးမှ ဆက်သွယ်ကြရန်လိုသည်။ အထူးသိရှိထားရမည့် ဖျားနာသည့် လက္ခဏာ၊ နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာ၊ အနံ့အရသာပျောက်၊ ခေါင်းကိုက်၊ ပင်ပန်းနွမ်းနယ်စသည့်လက္ခဏာများရှိလာပါက မြို့နယ်အလိုက် ဖွင့်လှစ်ထားသော ဖျားနာကုသဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသ စစ်ဆေးမှုခံယူသင့်သည်။

သာမန်ဖျားနာ၊ ချောင်းဆိုးသည်နှင့်ရာသီတုပ်ကွေးဟူ၍ ပေါ့ပေါ့တွေးပြီး မိမိဘာသာ ပုံမှန် ကုသမနေဘဲ ရာသီတုပ်ကွေးလော၊ ကိုဗစ်-၁၉ လော ခွဲခြားစစ်ဆေးကုသပေးနိုင်ရန် မြန်မြန်ပြုလုပ်ရမည်ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် လူတစ်ဦးတစ်ယောက်အား ထူးခြားသောလက္ခဏာမပြဘဲ ကူးစက် ဖြစ်ပွားနေသောကြောင့် ရောဂါဖြစ်ပွားကူးစက်တတ်မှုကိုလေ့လာ၍ သံသယရှိသည်ဟုယူဆပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြား ဆက်သွယ်စစ်ဆေးရန်လိုအပ်ပြီး ရောဂါပိုးတွေ့ရှိရပါက ဆေးကုသမှုခံယူ၍ ရောဂါပိုးမတွေ့ရှိပါက စိတ်ချလက်ချနေထိုင်နိုင်ရန်ဖြစ်သည်။

သို့ရာတွင် ပြည်သူလူထုအတွင်း၌ ကျန်းမာရေးနှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန် နေထိုင်လုပ်ကိုင်သူများ ရှိနေဆဲဖြစ်သည်။ ရာသီတုပ်ကွေး ဖြစ်စေ၊ ကိုဗစ်-၁၉ ဖြစ်စေ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသသော်လည်း ဆေးရုံ၊ ဆေးခန်းမသွားရောက်ဘဲ ဆေးမြီးတိုဖြင့် ကုသသူများရှိပြီး ရောဂါအခံရှိ၍ အချိန်လွန်မှမနိုင်လျှင် ဆေးရုံသို့ရောက်ရှိလာတတ်ကြသည်။ ထိုအခါ ရောဂါကိုအပြင်းအထန်ကုသရပြီး အခန့်မသင့်လျှင် အသက်သေဆုံးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် သံသယရှိသည်နှင့် သက်ဆိုင်ရာ သို့ ချက်ချင်းဆက်သွယ်သတင်းပို့ စစ်ဆေးကုသမှုခံယူကြရန် လိုအပ်ပေသည်။

ယခုအခါ အချိန်နေရာမရွေး မြန်မြန်ဆန်ဆန်စစ်ဆေးနိုင်သည့် Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီဖြစ်ရာ သံသယရှိသူများကို မြန်မြန်ရှာဖွေ၊ မြန်မြန်စစ်ဆေး၊ မြန်မြန်တွေ့ရှိပြီး ကန့်သတ်မှုပြုလုပ်ကာ စောစီးစွာ မြန်မြန်ကုသမှုပေးနိုင် ခြင်းအားဖြင့် ရောဂါဖြစ်ပွားကူးစက်မှုနှုန်းကို အမြန်ဆုံးလျှော့ချနိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားကူးစက်မှု အမြန်ဆုံးလျော့ကျပြီး ရောဂါကို ထိန်းချုပ်နိုင်ရေး အတွက် မိမိကိုယ်မိမိ သတိဖြင့် အမြဲကြည့်ရှု စစ်ဆေးသင့်သည့်အပြင် အခြားသူများကိုလည်း သတိဖြင့် ခပ်ခွာခွာဆက်ဆံ ရမည်ဖြစ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ သံသယဖြစ်ပြီဆိုပါက မြန်မြန် အကြောင်းကြား၊ မြန်မြန်စစ်ဆေး၊ မြန်မြန်ကုသကြ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့ပါးကင်းဝေးအောင် အသိတရားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ