ရန်ကုန် မတ် ၂၅
STAR FM Radio ထုတ်လွှင့်မှု (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။
ဦးစွာ STAR FM Radio ဂုဏ်ပြုတေးသီချင်းဖြင့် တင်ဆက်ဖျော်ဖြေခဲ့ပြီး STAR FM Radio စတင်ထုတ်လွှင့်ခဲ့ချိန်မှ လက်ရှိအချိန်အထိ လုပ်ငန်းများဆောင်ရွက်ခဲ့မှု Documentary Video Clip ကိုပြသသည်။
ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် (ကိုယ်စား) သတင်းနှင့်မီဒီယာလုပ်ငန်း(မြဝတီ) ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက STAR FM Radio ထုတ်လွှင့်မှု (၄) နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်ပြီး STAR FM Radio ဌာနခွဲအလိုက် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များက တေးသီချင်းများနှင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် မြဝတီမီဒီယာစင်တာနှင့် STAR FM Radio မှ ဝန်ထမ်းများက အဆိုအကများဖြင့် ဖျော်ဖြေကြသည်။
အဆိုပါ နှစ်ပတ်လည်အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ လက်ရှိထုတ်လွှင့်နေသော FM အသံလွှင့်လုပ်ငန်းများမှ တာဝန်ရှိသူများ၊ မိတ်ဖက်ကုမ္ပဏီနှင့် လုပ်ငန်းရှင်များ၊ ရုပ်ရှင်၊ ဂီတနှင့် သဘင်တို့မှ ဖိတ်ကြားထားသူများနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ကြသည်။
လက်ရှိတွင် STAR FM Radio ထုတ်လွှင့်မှုကို နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနှင့် ပြင်ဦးလွင်မြို့များရှိ FM လှိုင်းနှုန်း 90.3 MHz ဖြင့် နေ့စဉ်ထုတ်လွှင့်လျက်ရှိသည်။ Telegram Channel နှင့် Radio Garden Application STAR FM 90.3 MHz Channel တို့မှ Online Live Stream အနေဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာ နားဆင်နိုင်အောင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
STAR FM Radio ကို ၂၀၂၂ ခုနှစ် မတ် ၂၅ ရက် မှ စတင်ထုတ်လွှင့်ရာ လက်ရှိတွင် ၄ နှစ်သို့ ပြည့်မြောက်ခဲ့ခြင်းလည်းဖြစ်သည်။ STAR FM Radio မှ အစီအစဉ်များကို နေ့စဉ်နံနက် ၅ နာရီမှ ညပိုင်း ၁၁ နာရီအထိ ထုတ်လွှင့်ချိန် ၁၈ နာရီအတွင်း တရားဓမ္မ အစီအစဉ်များ၊ ပြန်ကြားရေး၊ ပညာပေး၊ ဖျော်ဖြေရေး၊ အင်္ဂလိပ်ပိုင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှုစသည့် အစီအစဉ်ကောင်းများဖြင့် စုစုပေါင်းအစီအစဉ် ၆၃ ခု ဖြင့် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


