သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရားပွဲသို့ လာရောက်သည့် ဘုရားဖူးပြည်သူ (၁၅)ဦး ထက်မနည်း ရေနစ်သေဆုံး

သံဖြူဇရပ်     နိုဝင်ဘာ     ၂၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌   နှစ်စဉ်ကျင်းပမြဲဖြစ်သည့်    အံခဲကျေးရွာနှင့်ဝဲကလောင်း ကျေးရွာကြားရှိ   ကျိုက်နဲရေလယ်ဘုရားပွဲတော်   ကျင်းပနေစဉ် ယနေ့နံနက် ၈  နာရီခန့်ကရေလယ် ဘုရားသို့လာရောက်ဖူးမြှော်သည့်   ဘုရားဖူးပြည်သူများစည်ကားလျက်ရှိရာ    ဘုရားဖူးပြည်သူများ အနေဖြင့်ဘုရားသို့   သွားရောက်သော ရေလယ်နတ်လမ်းရေကျသည့်အချိန်အား စောင့်ဆိုင်းမှုမရှိဘဲ တစ်ဦးနှင့်တစ်ဦးတိုးကြိတ်၍   အလုအယက်သွားရောက်မှုကြောင့်    ဘုရားဖူးပြည်သူအချို့ပင်လယ် အတွင်းသို့ပြုတ်ကျ၍ရေနစ်သေဆုံးကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍   ပင်လယ်အတွင်းသို့   ပြုတ်ကျသွားသည့်     ပြည်သူအချို့အား သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းများမှ စက်လှေများဖြင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရာ  သေဆုံးသူသံဃာ (၁)ပါး အပါအဝင် အမျိုးသား(၃)ဦး၊   အမျိုးသမီး(၁၂)ဦး   သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ  ကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်နေကြောင်းနှင့်    သေဆုံးသူများ၏ ရုပ် အလောင်းများအား  ပိုင်ရှင်များထံသို့စနစ်တကျ   လွှဲပြောင်းပေးအပ်ပြီး သံဖြူဇရပ်မြို့မရဲစခန်းတွင် သေမှု၊သေခင်း အမှုဖွင့်လှစ်နိုင်ရေးစီစဉ်  ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)