သန်လျင်-ကျောက်တန်း၊ တိုက်ကြီး၊ ဥက္ကံဘက်သို့ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ကို ယာဉ်စီးခ ၅၀၀ ကျပ် အထိ ကောက်ခံရန်ခွင့်ပြုထား

ရန်ကုန် ဧပြီ ၂၃

 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်-ကျောက်တန်း၊ တိုက်ကြီး၊ ဥက္ကံဘက်သို့ ပြေးဆွဲနေသည့် YBS ယာဉ်အချို့ ကို ယာဉ်စီးခ ၅၀၀ ကျပ်အထိ ကောက်ခံခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။


ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအများစုမှာ ယာဉ်စီးခ ၄၀၀ ကျပ်ဖြစ်ပြီး ကတ်စနစ်ဖြင့် (သိုမဟုတ်) QR Code ဖြင့် YBS ယာဉ်စီးခငွေပေးချေပါက ၃၀၀ ကျပ်သာ ကုန်ကျမည်ဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။


“ယာဉ်စီးခ ကျပ် ၅၀၀ သတ်မှတ်တာက တိုက်ကြီးကားတွေ၊ ကျောက်တန်းလိုင်းတွေ၊ ဥက္ကံဘက်လိုင်းတွေ ကောက်ခွင့်ပြုထားပါတယ်။ ကျန်တဲ့မြိုတွင်း အများစုကတော့ ၄၀၀ ပါ။ Card စနစ်နဲ့ QR Code စနစ်က ၃၀၀ ပါ”ဟု ၎င်းက ဆိုသည်။

 

ယင်းကဲ့သို့ ယာဉ်စီးခတိုးမြင့်လာသည့်အတွက် YBS ယာဉ်အသုံးပြုနေရသည့် အခြေခံလူတန်းစားများအနေဖြင့် အဆင်မပြေမှုများရှိလာကြောင်း ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။


“ကျွန်တော်တို့ဆို သန်လျင်ဘက်ကနေ မြို့ထဲဘက်သွားပြီး အလုပ်လုပ်ရတာ။ YBS နှစ်ဆင့်လောက် စီးရတာဆိုတော့ YBS ယာဉ်စီးခ အသွားအပြန်တင် ကျပ် ၂၀၀၀ လောက်ရှိတော့ တစ်လဆိုရင် ခရီးစရိတ်တင် ကျပ် ၅၀၀၀၀၊ ၆၀၀၀၀ လောက်ကျနေပြီ။ အရင်ကတော့ ခရီးစဉ်လမ်းကြောင်းတစ်ခုကို ကျပ် ၂၀၀၊ ၃၀၀ ပဲကျတာ” ဟု YBS ကားကို အသုံးပြု၍ နေ့စဉ် အလုပ်သွားပြန်လုပ်နေရသူ ၎င်းက ဆိုသည်။



YBS ကုမ္ပဏီ(၂၁)ခုမှ YBS ယာဉ်လိုင်း(၁၃၁)လိုင်းက ယာဉ်အစီးရေ  ၃၈၀၀  ခန့်ဖြင့် ခရီးသည် ၁၅ သိန်းခန့်ကို ပုံမှန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


“ကျွန်တော်ထင်တာတော့ ကတ်စနစ်ကို ပိုအသုံးများလာစေဖို့အတွက် လုပ်လာတယ်လို့ ထင်ပါတယ်။ ကတ်ဖြစ်ဖြစ်၊ QR ဖြစ်ဖြစ် သုံးစေချင်တယ်။ ဒါဆိုရင်တော့ ယာဉ်လိုင်းခ စျေးမြင့်တက်တာကို ခံနိုင်တယ်။ အများစုကတော့ QR စနစ်နဲ့ ငွေချေတာထက် ကတ်စနစ်ကို ပိုသုံးလာတာတွေ့တယ်။ တော်တော်လည်း အရေအတွက်များလာတယ်။ တစ်ခုပဲ ကတ်ဖြတ်ဖို့ စက်ပိတ်ထားရင် ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်” ဟု YBS နေ့စဉ် အသုံးပြုသူ လူလတ်ပိုင်းအရွယ် ကုမ္ပဏီဝန်ထမ်း ကိုသန့်စင်က ဆိုသည်။

MT