သင်အခုပဲစလိုက်ပါတော့ ကုကူကူး

 

ပါမောက္ခဝင်းနိုင် (Chest)

 

နွေဦးအရောက် ဥဩ၊ ဥဩနှင့် ဥဩငှက်က နွေတေးသီနေသည်။ မိမိပတ်ဝန်းကျင်က သစ်ပင်တွေ အရောင်ပြောင်းလာသည်။ ရော်ရွက်ဝါတို့မြေခနေပြီး နုစိမ်းသစ်ရွက်တွေက ပြူတစ်ထွက်လာကြသည်။ ဥဩတို့ရဲ့ သီဆိုသံ ဥဩ၊ ဥဩ (အင်္ဂလိပ်လိုတော့ ကူကူး၊ ကူကူးတဲ့ )ကြောင့်ပဲ ရွက်ဟောင်းကြွေရွက်သစ်ထွက်ရသည်လား။ အရွက်တွေပြောင်းလို့ပဲ ဥဩကအော်နေရသည်လား။ သူ့သဘောသူဆောင်ပြီးဖြစ်နေတာတွေနွေဦးမှာ တိုက်ဆိုင်ဖြစ် ပေါ်နေသည်ပဲလား။

 

ဒီနွေဦးရောက်ပြီဆိုလျှင် ကျွန်တော် အဆုတ်ဆရာဝန်ကတော့ ဒီအဖြစ်အပျက်တွေမြင်၊ ဒီအသံတွေကြားပြီးသူ့ကိုအမှတ်တရရှိနေမိသည်။ အခြားသူမဟုတ် Koch ac: Dr. Robert Koch (ဒေါက်တာရောဘတ်ကော့)ပင်ဖြစ်သည်။ သူ့ကိုဆရာဝန်၊ သူနာပြုများမှအစ သူနာပြုအကူ၊ ဆေးရုံဝန်ထမ်းများအဆုံး သိကြသည်။ မသိချင်လို့လည်းမရပါ။ နေ့စဉ်တွေ့ထိနေရတဲ့လူနာတွေရဲ့ ရောဂါအမည်တွေထဲမှာ Koch က ပါလာတတ်စမြဲ။ Koch နဲ့ ပတ်သက်ပြီး လူနာတစ်ယောက် ဆေးရုံကဆင်းသွားပြီးရင် မကြာခင်မှာ Koch နဲ့ ပတ်သက်သူတစ်ဦးတက်လာတတ်စမြဲ။ တစ်မိသားစုထဲကလူတွေလည်း Koch နဲ့ပတ်သက်ပြီး ဆေးရုံရောက်လိုက်ကြ၊ ပြန်သွားလိုက်ကြနဲ့ပေါ့။ ဒီနာမည်ကြီးနေတဲ့ Koch က ဘယ်လိုလူများပါလိမ့်။

 

တကယ်တော့ ဒီနေ့ထိတိုင် ပေါပေါများများ တွေ့နေရသေးတဲ့တီဘီရောဂါ (Tuberculosis) ကို ၁၈၈၂ ခုနှစ်မှာ တီဘီရောဂါပိုး (TB bacilli) ကြောင့်ဖြစ်တယ်ဆိုတာကိုသိခဲ့ရတာ။ ရှာဖွေတွေ့ခဲ့တဲ့ သူက Dr. Robert Koch။ ရှာဖွေတွေ့ခဲ့ပြီလို့ ကြေညာလိုက်တဲ့နေ့က (၂၄-၃-၁၈၈၂)။ တစ်ကမ္ဘာလုံးက ကြောက်ရွံ့ရတဲ့ ကူးစက်တတ်ပြီး ကူးစက်လွယ်တဲ့၊ အသက်ခြွေတတ်တဲ့၊ ဘာကြောင့်ဖြစ်မှန်းမသိခဲ့ရတဲ့ရောဂါကို ဒီတီဘီပိုးကြောင့်ဖြစ်တာလို့ ရှာတွေ့သွားတော့ တစ်ကမ္ဘာလုံးက မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့တဲ့နေ့ပေါ့။ ရောဂါဆိုးကြီးတီဘီကို ကမ္ဘာကနေအမြစ်ဖြတ်ပစ်နိုင်တောမယ်လို့ ထင်ခဲ့တဲ့နေ့ပေါ့။

 

အဖြစ်အများဆုံးရောဂါ
ခုတော့ နှစ်ပေါင်း ၁၃၆ နှစ်ကြာခဲ့ပေမယ် Koch’s Lung လို့ခေါ်တဲ့ အဆုတ်တီဘီရောဂါဟာ ကမ္ဘာ့လူသားတွေကြားမှာ နေရာယူကောင်းဆဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲက မြန်မာနိုင်ငံအဖို့ကတော့ တီဘီရောဂါဟာ အဖြစ်အများဆုံးရောဂါဖြစ်နေဆဲ။ လူဦးရေတစ်သိန်းမှာ ၃၆၀ တောင် တီဘီရောဂါရှိနေတယ်တဲ့။ ဆင်းရဲလို့၊ ဆေးဈေးကြီးလို့၊ ဆေးမကုနိုင်လို့ ဒီလိုအဖြစ်မျိုးရှိနေတယ်လို့ သင်ထင်မိပါသလား။ အထင်မမှားစေချင်ပါ။ ကုသရန် ဆေးရှိပါတယ်။ ဈေးမကြီးပါ။ ပြည်သူ့ဆေးရုံဆေးခန်းများမှလည်း ဆေးအခမဲ့ ရနိုင်ပါတယ်။ ကုသရင်လည်း ရာနှုန်းပြည့်နီးနီး ပျောက်ပါတယ်။ (ဆေးယဉ်ပါးတီဘီက လွဲလို့ပေါ့)။ ဒါဆိုဘာလို့များတီဘီတွေ များနေရသေးတာလဲ။

 

အဖြေကရှင်းပါတယ်။ ကုသရင်ပျောက်ကင်းပေမယ့် အကုနောက်ကျလို့သေချာမကုလို့ပါ။ ကူးစက်ရောဂါဆိုတော့ မကုဘဲထားရင်ရောဂါက ဒီအတိုင်းငြိမ်မနေပါဘူး။ တီဘီလူနာက ချောင်းဆိုးတိုင်း၊ နှာချေတိုင်းတီဘီပိုးတွေက ထွက်သက်လေနဲ့အတူ ပါးစပ်၊ နှာခေါင်းကနေ အပြင်ကိုထွက်လာတယ်။ အတူနေတဲ့သူတွေနဲ့ အနီးအနားရှိတဲ့သူတွေဆီ ကူးစက်သွားတော့တယ်။ အကူးခံရတဲ့သူကလည်း ချက်ချင်းရောဂါထမဖြစ်သေး၊ ရောဂါလက္ခဏာမပြသေးတော့ ရောဂါပိုးရောက်နေမှန်း မသိဘူးပေါ့။ ပိုးကူးစက်ခံရတဲ့သူဟာ အကြောင်းတစ်ခုခုကြောင့် ကိုယ်ခံအားနည်းလာရင်တော့ ဝင်
ထားတဲ့ပိုးတွေက ပွားများလာပြီး တီဘီရောဂါဖြစ်တော့တာပါပဲ။ တီဘီလူနာ တစ်ယောက်ကနေ လူ ၁၀ ယောက်လောက် ကူးစက်စေနိုင်တယ်လို့ဆိုတယ်။ ပိုးအကူးခံရတဲ့ လူဟာလည်း ရောဂါဖြစ်ဖို့ ၁၀ ရာခိုင်နှုန်းရှိတယ်တဲ့။ တကယ်လို့ လူနာတစ်ယောက်ဟာ စောစောစီးစီးဆေးမကုခဲ့ရင် သူ့တစ်သက်မှာ လူအများကြီးကို ကူးစက်စေပြီး ရောဂါဖြစ်စေမှာပါ။ မြန်မာနိုင်ငံမှာတော့နှစ်စဉ် ရောဂါဖြစ်သူပေါင်းတစ်သိန်းခွဲအထက် ရှိနေတယ်။ ဒီအရေအတွက်ကိုလျှော့ချနိုင်ပါ့မလား။

 

စိုက်ထုတ်သုံးစွဲ
ရွက်ဟောင်းြွေကပြီး ရွက်သစ်တွေဝေလာတော့ နွေဦးဟာလှပပြီး အားသစ်တွေ ဖြစ်စေပါတယ်။ ဒါပေမယ့် တီဘီလူနာဟောင်းတွေ ဆေးကုလိုက်လို့ ကောင်းသွားပြီး တီဘီလူနာသစ်တွေ ပြန်ပြန်ပေါ်လာတော့ မကောင်းလှပါဘူး။ ဒီတီဘီရောဂါအတွက် လူအင်အား၊ ငွေအင်အားတွေ အများကြီးစိုက်ထုတ်သုံးစွဲနေရပါတယ်။ တစ်ဖက်ကလည်း တီဘီရောဂါရနေတဲ့ သူတွေရဲ့လုပ်အားကလည်း ဆုံးရှုံးခံနေရပြန်တယ်။ အဲဒါဆို ဘယ်လိုလုပ်ရင် ကောင်းမလဲ။

 

WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီနှစ်ဆောင်ပုဒ်လေးချပေးထားတယ်။ “ Wanted ! Leaders for a TB- free World. You can make history. End TB” တဲ့။ “တီဘီကင်းစင်ကမ္ဘာသို့၊ ခေါင်းဆောင်ကောင်းတွေ ရှေ့ဆောင်လို့၊ သမိုင်းမှတ်တမ်းတင်ကြစို့” တဲ့။
တီဘီကင်းစင်ဖို့ ဆေးကုတာတစ်ခုတည်းနဲ့ မရနိုင်ပါဘူး။ ကူးစက်ရောဂါကိုမကူးနိုင်အောင် တားထားနိုင်မှရမှာပါ။ မကူးစက်အောင်တားဖို့ ကုန်ကျစရိတ်များမည်ဟု ထင်ပါသလား။ နောက်ဆုံးပေါ် နည်းပညာတွေ လိုမည်လို့ထင်ပါသလား။ စရိတ်နည်းပြီးရိုးရှင်းသည့် နည်းရှိပြီးသားပါ။ တီဘီလူနာ ချောင်းဆိုးနှာချေရင် ပိုးတွေထွက်မလာအောင် လူနာရဲ့ ပါးစပ်နဲ့ နှာခေါင်းကို mask ခေါ် နှာခေါင်းစည်း၊ ဒါမှမဟုတ် လက်ကိုင်ပဝါနဲ့ လုံခြုံအောင် အုပ်စည်းထားဖို့ပါပဲ။ လူနာကိုလည်း ချောင်းဆိုးအမြန်ဆုံးသက်သာဖို့ တီဘီဆေးကို မြန်မြန်ဆန်ဆန်၊ ထိထိမိမိ တိုက်ကျွေးရမှာပါ။ တီဘီရောဂါဆိုတာ သိနိုင်ဖို့လည်း ချောင်းဆိုး လူနာတွေကို အချိန်မီသလိပ်စစ်၊ ဓာတ်မှန်ရိုက်စတာတွေလုပ်ရမှာပါ။ ဒီလိုလုပ်ဖြစ်အောင်လည်း လူနာကိုတိုက်တွန်း၊ ကူညီဖေးမပေးရမှာပါ။ (တီဘီမဟုတ်လောက်ပါဘူးဆိုပြီး ရှောင်ဖယ်ဖယ်နေတာတွေ၊ ဆေးပြင်းတယ်ခံနိုင်မှာမဟုတ်ဘူး မသောက်နဲ့ဆိုပြီး အဆိုးမြင်နဲ့ ဘေးတွန်းတာတွေမလုပ်သင့်ပါဘူး)။ တီဘီကင်းစင်သွားဖို့ သင်လုပ်သင့်တဲ့ အချက်တွေကတော့ကု
- ကုသမှု မြန်ဆန်ထိမိပါစေ။
ကူ - ကုသဖြစ်အောင် ကူညီပါ။
ကူး - ကူးစက်မှု မဖြစ်အောင် တားဆီးပေးပါ။ အလွယ်မှတ်လိုက်ရအောင်ပါ။
“ကုကူကူး” လို့။

 

လူသားကောင်းကျိုးဆောင်
မြန်မြန်ဆန်ဆန် ကုလိုက်ရင် ရောဂါအပျောက်မြန်ပြီး ကူးစက်ပြန့်ပွားမှုလည်း နည်းသွားမှာပါ။ မကူးစက်အောင်လည်းလူနာကိုယ်တိုင်က နှာခေါင်းစည်းကို မှန်မှန်ကန်ကန် သုံးရပါမယ်။ ကုသမှုခံယူဖို့ရော၊ မကူးစက်အောင်ပါ
သင်က ကူညီပေးနိုင်ပါတယ်။ သင်သည်တီဘီလူနာ ဖြစ်နေခဲ့လျှင်လည်း အမြန်ဆုံး ထိရောက်စွာကုသမှုခံပါ။ လူအများကိုမကူးစက်ပါစေနှင့်တော့။ သင်၏ကူညီမှုကြောင့် သင့်လူမှုအသိုင်းအဝိုင်းမှာ တီဘီကင်းစင်လာပေလိမ့်မည်။ ထိုမှတစ်ဆင့် မိမိနိုင်ငံ မိမိကမ္ဘာအထိ တီဘီကင်းစင်လာပေလိမ့်မည်။ ဤသို့ဆိုလျှင် သင်ဟာ လူသားကောင်းကျိုးဆောင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။ အနိမ့်ဆုံးအနေဖြင့် သင်ကိုယ်တိုင်၊ သင့်မိသားစုကိုယ်တိုင်က သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် လေးစားစွဲမှတ် သိမြင်နေစေခဲ့မှာမလွဲပါ။ တီဘီကင်းစင် ကမ္ဘာသို့ သွားမယ့်ခရီးမှာ သင့်ကိုလေးစားအားထားရသောခေါင်းဆောင်တစ်ဦးအနေဖြင့် မြင်တွေ့ရဖို့ မျှော်လင့်ပါရစေ။ဥဩဥဩသံနှင့် နွေဦးရောက်ခဲ့သလို “ကုကူကူး” လေးနဲ့ တီဘီကင်းစင် ကမ္ဘာသို့ ရောက်ကြရအောင်ပါ။