သမဝါယမတက္ကသိုလ်(သန်လျင်)တွင် INTERNSHIP AND JOB FAIR 2018 ကျင်းပ

 

သန်လျင် ၃၀ သြဂုတ်

 

သမဝါယမတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများအား လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးနိုင်ရန်နှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် လိုအပ်သည့် Human Resource များ ရရှိစေရန်ရည်ရွယ်၍ သမဝါယမတက္ကသိုလ်(သန်လျင်) Internship and Job Fair 2018 ကို သြဂုတ် ၂၉ ရက် နံနက် ၁၀ နာရီတွင် ဥတ္တရဆောင်ခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

“ယခုကျင်းပတဲ့ အခမ်းအနားဟာ သမဝါယမတက္ကသိုလ်(သန်လျင်)ရဲ့ ပဉ္စမအကြိမ်မြောက် Internship and Job Fair 2018 ဖြစ်ပါကြောင်း၊ သမဝါယမတက္ကသိုလ်(သန်လျင်)ဟာ သမဝါယမသင်တန်းကျောင်းအဖြစ် စတင်သန္ဓေတည်ခဲ့ပြီး သမဝါယမဒေသကောလိပ်၊ သမဝါယမဒီဂရီကောလိပ် အဆင့်ဆင့်တိုးမြှင့်ဖြတ်သန်းကာ ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ်(သန်လျင်)အဖြစ် ရပ်တည်ခဲ့ပါကြောင်း၊ သမဝါယမတက္ကသိုလ်(သန်လျင်)အနေဖြင့် လေးနှစ်သင်တန်းသားများကို Bachelor of Business Science (B.BSc) ဘွဲ့ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ဒီဘွဲ့ဟာ Generalization ဖြစ်တဲ့အတွက် စီးပွားရေးဘာသာရပ်များအပြင် ICT,English စတဲ့ အထောက်အကူပြုဘာသာရပ်များလည်း သင်ကြားရပါကြောင်း၊ ယခုနှစ်သည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်သင်ကြားခဲ့သည့် အထူးပြုဘာသာရပ် (၅)ခုရဲ့ New Product စတင်မွေးထုတ်ပေးမည့် ထူးခြားသည့်နှစ်ဖြစ်ကြောင်း၊ ဘဏ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများအနေနဲ့ သမဝါယမတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရများကို မိမိတို့နှင့် ကိုက်ညီမည့် လုပ်ငန်းခွင်များအတွက် ရွေးချယ်နိုင်ပါကြောင်းနှင့် ကျောင်းသားများအနေနဲ့လည်း မိမိတို့ စိတ်ပါဝင်စားတဲ့အလုပ်ကို လျှောက်ထားစေလိုကြောင်း၊ အဖွဲ့အစည်းများအနေဖြင့် အလုပ်အကိုင်ခန့်ထားပြီးပါက Feed Back ပေးစေလိုကြောင်း” ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ပြောကြားခဲ့သည်။

 

ဆက်လက်၍ Cufa,FNI,Capital Hypermart နှင့် J-SAT General Services ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များက ၎င်းတို့ကုမ္ပဏီနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ အနာဂတ်ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဘဏ်နှင့် ကုမ္ပဏီအဖွဲ့အစည်း ၁၃ ခုမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)