Smart Parking စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားတယ်လို့ ရန်ကုန် မြို့တော်ဝန် ပြောကြား

ရန်ကုန်  ၁၅ ဖေဖော်ဝါရီ

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ခေတ်မီ ကားရပ်နားခြင်း (Smart Parking) စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားတယ်လို့ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားခဲ့ပါတယ်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး မေးမြန်းတဲ့ စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် ယာဉ်ရပ်နားရန်နေရာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းမှုကို ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ယာဉ်များရပ်နားရန် အစီအစဉ်တကျ ဆောင်ရွက်ခြင်း၊ ကားရပ်နားခ များကို စနစ်တကျ ကောက်ခံခြင်းနှင့် ယာဉ်သုံးစွဲသူများ အဆင်ပြေ ချောမွေ့စွာ ယာဉ်များ ရပ်နားနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး ခေတ်မီကားရပ်နားခြင်း (Smart Parking) စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားတယ်လို့ ဦးမောင်မောင်စိုးက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

အဆိုပါ Smart Parking လုပ်ငန်းကို တင်ဒါခေါ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယာဉ်ရပ်နားရန် နေရာများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

MDN