သက်သေအမျိုးမျိုး

mdn

ဥပဒေအတွေးရေးပါရစေ အပိုင်း (၁၆၂)

 

သတင်းဆောင်းပါး - ဦးဟန်ညွန့် (ဥပဒေ)

 

သက်သေ၏ တန်ဖိုး

 

သက်သေခံဥပဒေအရ သက်သေတစ်ဦး၏ တန်ဖိုးသည်အလွန်အရေးကြီးလှပါသည်။ တရားရုံးရှေ့မှောက်၌ တရားလိုဘက် သက်သေ၊ တရားခံဘက်သက်သေ၊ ရုံးခေါ်သက်သေ စသည်ဖြင့် အမျိုးမျိုးထွက်ဆိုနိုင်ပါသည်။ ထို့အတူ သက်သေအမျိုးမျိုးကို စစ်မေးနိုင်ပါသေးသည်။ အမှုအကြောင်း ဘာသိသလဲ။ သိသူမည်သူမဆို သက်သေဖြစ်နိုင်ပေသည်။သက်သေထွက်ချက်ကို အခြေခံ၍ အမှုမှန်သည်၊ အမှုမှားသည်ကို တရားသူကြီးက ဆုံးဖြတ်ခြင်း မဟုတ်ပါလား။

 

ကလေးသက်သေ

 

သက်သေသည် ကလေးဖြစ်နေတတ်ပါသည်။ လူကြီးမဟုတ်သဖြင့် မေးရမြန်းရ ခက်ခဲတတ်ပါသည်။ ကလေးဖြစ်ခြင်းကြောင့် တရားရုံးက ပဏာမမေးခွန်း များ စမ်းသပ်မေးတတ်ပါသည်။ အရည်အသွေးကြိုတင် သိချင်သည့် သဘောဖြစ်ပါသည်။ မေးခွန်း နားလည်ပြီး အကျိုးအကြောင်း ဆီလျော်စွာ ဖြေနိုင်လျှင် သက်သေ ခံနိုင်ကြောင်း သက်သေခံဥပဒေက ခွင့်ပြုပါသည်။အသက်ငယ်သော ကလေး သက်သေပင် ဖြစ်လင့်ကစား လိမ်လည်ထွက်ဆိုရန်အကြောင်း မရှိလျှင်၎င်း၏ ထွက်ချက်ကို လက်ခံသင့်သည်။ သို့ရာ တွင်အသက်အရွယ် ငယ်ရွယ်နုနယ်သူများကို မသမာသူများက လုပ်ကြံသင်ကြားပေးတတ်သည်ကိုလည်း သတိပြုသင့်ပါသည်။

 

ရူးသွပ်သက်သေ

 

သက်သေခံဥပဒေပုဒ်မ (၁၁၈) ကို ရည်ညွှန်းပါ သည်။ ရူးသွပ်သူအနေဖြင့် သက်သေခံနိုင်မည်မဟုတ်ချေ။ စိတ်ကောင်းဝင်နေသော အချိန်တွင် စစ်မေးခြင်း ကိုမူ စဉ်းစားသင့်သည်။ သက်ဆိုင်ရာ ဆရာဝန်၏ စစ်ဆေးအတည်ပြုချက်ဖြင့် သက်သေခံနိုင်သော အခြေ အနေတွင် (မဖြစ်မနေသုံးသင့်က) စစ်မေးရန် ရှိပေ မည်။

 

ဆွံ့အနားမကြားသက်သေ

 

ဆွံ့အနားမကြားသော သက်သေများကိုလည်း လိုအပ်ပါက စစ်ဆေးနိုင်ပေသည်။ တရားရုံးရှေ့သို့ ခေါ်ဆောင်လာပြီး စာရေးပြခြင်း၊ နားလည်နိုင်သော အမူအရာ အရိပ်အမြွက် ပြုလုပ်သက်သေခံစေခြင်း စသည်ဖြင့် စစ်မေးနိုင်မည်။ သက်သေခံဥပဒေပုဒ်မ ၁၁၉ ကို ရည်ညွှန်းပါသည်။

 

လင်နှင့်မယား

 

လင်နှင့် မယားတော်စပ်နေသောကြောင့် တစ်ဦး သည် အခြားတစ်ဦးအတွက် သက်သေမခံနိုင်ဟု ကန့်သတ်ချက်မတွေ့ရပါ။ သက်သေခံဥပဒေပုဒ်မ ၁၂၀ အရ တရားမမှုများတွင် အမှုသည်တို့၏ လင်(သို့)မယားသည် သက်သေခံနိုင်သည်။ ပြစ်မှုများတွင်လည်း ထိုကဲ့သို့ပင် သက်သေခံနိုင်ပေသည်။ လူ့သဘာဝအရ ဘက်လိုက်မှု ရှိနိုင်သည်။ ယုံထိုက်၊ မယုံထိုက်ကိုမူတရားသူကြီးက စဉ်းစား သုံးသပ်သင့်ပေသည်။

 

ဆွေမျိုးတော်စပ်သူသက်သေ

 

ဥပဒေအရ တားမြစ်ခြင်းမရှိ။ သို့သော် ဆွေမျိုး တော်စပ်ခြင်းကြောင့် ယုံကြည်ရန်သင့်၊ မသင့်ကိုအမှုတစ်မှု ချင်းအလိုက် သုံးသပ်သင့်ပါသည်။ အမှုနှင့်ဆီလျော်အပ်စပ်ပါသလား။ ထွက်ချက်က မည်သို့လဲ မည်သို့ ဆွေမျိုးတော်စပ်သလဲ။ ဘက်စုံကြည့်၍ သုံးသပ်သင့်ပါသည်။

 

ကြံရာပါသက်သေ (Accomplice) 

 

 ကြံရာပါဆိုသည်မှာ ပြစ်မှုကျူးလွန်ရာ တွင် အတူပါဝင်သူကိုဆိုသည်။ ထောင်ဖမ်းသော သက်သေသည် ကြံရာပါ မဟုတ်။ ကြံရာပါ တစ်ဦးသည် ကျန်တရားခံတစ်ဦးအပေါ်တွင် သက်သေခံနိုင်သည်။

 

သက်သေခံ ဥပဒေပုဒ်မ ၁၃၃ တွင်-

 

ပြစ်မှုကျူးလွန်ရာ တွင် အတူပါဝင်သူ (သို့) ကြံရာ ပါတစ်ဦးသည် ကျန်တရားခံတစ်ဦးအပေါ်တွင် သက်သေခံနိုင်သူဖြစ်စေရမည်။ ၎င်း၏ ထွက်ဆိုချက်တစ်ခုတည်းဖြင့် ကျန်တရားခံများကို ပြစ်မှုထင်ရှား စီရင်ခြင်းမှာလည်း မတရားဖြစ်စေသည်မဟုတ်ကြောင်း ပြဋ္ဌာန်းထားပေသည်။ ကြံရာပါ၏ ထွက်ဆိုချက် တစ်ခုတည်းဖြင့် တရားခံများကို ပြစ်မှုထင်ရှားစီရင်ခဲ့သောစီရင်ထုံးများ ရှိပေသည်။ ထောက်ခံထွက်ဆိုချက် များရှိပါလျှင် ကြံရာပါ၏ ထွက်ချက်မှာ ပိုမို၍ တန်ဖိုးရှိပေသည်။ တရားရုံး၏ ဆင်ခြင်တုံတရားက အဓိကကျသည်မှာ ယုံမှားဖွယ်မရှိချေ။

 

အကျင့်မကောင်းသူ

 

သက်သေသည် အကျင့်မကောင်းသူဖြစ်၍ မမှန်မကန် ထွက်ဆိုလိမ့်မည်ဟု သံသယမကင်းဖြစ်တတ်သည်။ ယုတ္တိတန်သော အချက်အလက်များ ပါဝင်ပြီး ထင်ရှားသော အထောက်အထားပေါ်လွင်လျှင် ယင်း ထွက်ဆိုချက်ကို သင်သေခံအဖြစ် ထည့်သွင်းစဉ်းစား ရမည်သာ ဖြစ်ကြောင်း စီရင်ထုံးတစ်စောင်တွင် ဖော်ပြ သည်။

 

ကြုံကြိုက်သက်သေ

 

ကြုံကြိုက်သက်သေတိုင်း မမှန်သက်သေဟု မဆိုနိုင်ပါ။ စနစ်တကျ စိစစ်ဖို့ လိုအပ်မည်ဖြစ်သည်။ အလွယ်တကူ ပြသတတ်သည်ကိုလည်း သတိမူသင့်သည်။

 

သက်သေအရေအတွက်

 

သက်သေခံဥပဒေပုဒ်မ ၁၃၄ အရ မည်သည့်အမှု တွင်မဆို အကြောင်းခြင်းရာတစ်ခုကို ထင်ရှားစေရန်အတွက် သက်သေအရေအတွက် မည်ရွေ့မည်မျှ ပြသရ မည်ဟု ကန့်သတ်ထားခြင်းမရှိပါ။ အရေအတွက်ထက် အရည်အချင်းက ပို၍ အရေးကြီးပါသည်။

 

သက်သေ၏ အရည်အချင်း

 

သက်သေအရေအတွက်ထက် သက်သေ၏ အရည်အချင်းက ပို၍ အရေးကြီးပါသည်။ သက်သေ၏ ထွက်ချက် အနှစ်သာရများက တန်ဖိုးရှိပါသည်။ တရား ရုံးက ချိန်ဆပါသည်။ လွတ်လပ်သော သက်သေ၊ ထောက်ခံချက် ရှိသောသက်သေ စသည်ဖြင့် အရည်အချင်းပြည့်စုံသော သက်သေများကိုဆိုလိုပါသည်။ လူသတ်မှုတစ်မှုတွင် မျက်မြင်သက်သေတစ်ဦးတည်း၏ ထွက်ချက်ဖြင့် တရားခံအား အပြစ်ပေးနိုင်/ မပေးနိုင်ထည့်သွင်း စဉ်းစားရခြင်းမျိုး ရှိပေသည်။တစ်ဦးတည်း၏ ထွက်ချက်သည် ခိုင်လုံပါသလား။ စိတ်ချရပါသလား။ ဤသို့ စဉ်းစားသုံးသပ် ဆုံးဖြတ်ခဲ့ပေသည်။

 

သံသယအကျိုး

 

သံသယဖြစ်ထိုက်သော ထွက်ချက်ကို သေချာစွာ ချိန်ဆသင့်ပါသည်။ သံသယကို ဘယ်သူ့အားပေးမည်လဲ။ သံသယအကျိုးကို မည်သူခံစားထိုက်ပါသလဲ။ သံသယအကျိုးကို တရားခံသာ ခံစားထိုက်ပါသည်။ တရားခံအား အပြစ်မပေးသင့်ပါ။

 

ကျင့်ထုံး ၁၆၄ သက်သေ

 

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၆၄ အရ ကြိုတင်ထွက်ဆိုချက်ပေးသော သက်သေကို ဆိုလိုပါသည်။ ကြိုတင်ပေး ထားသော သက်သေထွက်ချက်များမှာ မည်မျှတန်ဖိုးရှိပါသလဲ။ မည်မျှယုံကြည်ထိုက်ပါသလဲ။ သက်သေထွက်ချက်ကရော မှန်ကန်ပါ၏လား။

 

ပတ်ဝန်းကျင်သက်သေခံချက်

 

တိုက်ရိုက်မဟုတ်ပါ။ ပတ်ဝန်းကျင် အကြောင်းခြင်း ရာများ၏ သက်သေခံချက်ဖြစ်ပါသည်။ နှုတ်သက်သေခံချက် မဟုတ်ပါ။ စာရွက်စာတမ်းသက်သေခံချက်လည်း မဟုတ်ပါ။ ပစ္စည်းသက်သေ၊ ပတ်ဝန်းကျင်သက်သေ၊ ကွင်းဆက်သက်သေများကို ဆိုလိုသည်။ ကွင်းဆက်တစ်ခုနှင့်တစ်ခု အဆက်မပြတ်စေသင့်ပါ။

 

စေတနာ

 

ဥပဒေတာဝန်များကို နှစ်ပေါင်း ၄၀ ကျော် ထမ်း ခဲ့ရပြီး သက်သေအမျိုးမျိုး စစ်ဆေးခဲ့ရပါသည်။ ယနေ့တိုင် စစ်မေးဆဲမို့ သက်သေများအကြောင်း တွေးခေါ် မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှ သာပါ...။ ။