သက်ရှိများထာဝရရှင်သန်ရေး ရေချိုစနစ်တကျခန့်ခွဲအသုံးပြု

 

 

မြန်မာတို့၏အစဉ်အလာတွင် “ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်၊ “ရွှေကိုမလို ရေကိုလို၊ “ရေကြည်ရာ မြက်နုရာ၊ “ရေတစ်အိုး မိုးတစ်ပေါက် စသည့် ဥပမာဆိုရိုးစကားများ ရှိပါသည်။ ရေ၏တန်ဖိုးကို ရေငတ်သည့်အခါမှ သိရှိရသလို ရေမရှိသည့်အခါတွင် မည်မျှဆင်းရဲဒုက္ခ ရောက်ကြရသည်ကို အားလုံးသိရှိထားကြသည်။ ရေတန်ဖိုးကို ရေမရှိသည့်အခါမှ သိသော်လည်း ရေအလုံအလောက် ရှိသည့်အခါတွင် ရေကိုတန်ဖိုးထားရကောင်းမှန်း မသိသည့် အလေ့အထများလည်းရှိကြသည်။

 

ရေနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်တို့ကို တာဝန်ရှိသူတို့က မကြာမကြာ အသိပေးလေ့ရှိသလို တစ်ကမ္ဘာလုံးဆိုင်ရာအနေဖြင့် နှစ်စဉ် မတ်လ ၂၂ ရက်နေ့ ရောက်တိုင်း “ကမ္ဘာ့ရေနေ့ ဟုအထူးပြု၍ ရေသဘာဝ၊ ရေဖြစ်တည်မှု၊ အနာဂတ် အလားအလာ၊ ရေတန်ဖိုးတို့ကို အထူးပြု အသိပေးနှိုးဆော်ကြသည်။ ရေသည် လူ့ဘဝအတွက်သာမက သက်ရှိလောကတစ်ခုလုံးအတွက် အရေးအကြီးဆုံး သဘာဝပစ္စည်းဖြစ်သည်။ ရေမရှိပါက သက်ရှိလောကကြီးတစ်ခုလုံး ပျက်သုဉ်းသွားမည်မှာ ဧကန်ဖြစ်သည်။ မြန်မာနိုင်ငံ၌ သဘာဝအလျောက် ရေရှားပါးသည့် အရပ်များမှလွဲ၍ ဒေသအားလုံးတွင် သောက်သုံးရေအတွက် ပူပန်စရာမရှိဘဲ အလုံအလောက်ရှိနေသည်မှာ ကံကောင်းသည့် သဘာဝ လက်ဆောင်ဖြစ်သည်။

 

သန့်ရှင်းပြီး အနံ့အရသာမရှိသောရေသည် လူသားများ နေ့စဉ်အသုံးပြုနေသည့် ကျန်းမာရေးနှင့် ညီညွတ်သောပစ္စည်းဖြစ်သည်။ အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများ လုံးဝမပါဝင်ဘဲ အရောင်အဆင်း အနံ့အရသာကင်းသည့် ရေမဟုတ်ပါက ညစ်ညမ်းသည့်ရေ သို့မဟုတ် သုံးစွဲရန် မသင့်သည့်ရေဟု သတ်မှတ်ရမည်ဖြစ်သည်။ ဤကမ္ဘာကြီး၏ ၇၁ ရာခိုင်နှုန်းသည် ရေထုက ဖုံးလွှမ်းထားပြီး ကုန်းမြေထုမှာ ၂၉ ရာခိုင်နှုန်း သာရှိသည်။ ရေထုပမာဏမှာ အဆများစွာရှိပြီး ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်၊ သမုဒ္ဒရာအတွင်းမှ သောက်သုံး၍မရသော ရေငန်များဖြစ်သည်။ ကျန် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရေချို သို့မဟုတ် ပြန်လည်ပြည့်ဖြိုးမြဲရေဖြစ်သည်။ အဆိုပါရေထုတွင် ရေခဲတောင်၊ ရေခဲပြင်များသည် ၆၈ ရာခိုင်နှုန်းရှိပြီး မြေအောက်ရေသည် ၃၀ ရာခိုင်နှုန်းခန့်သာရှိရာ မြေပြင်ပေါ်ရှိ ရေအားလုံး၏ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုဖြစ်သည်ဟု သိရသည်။

 

ကမ္ဘာကြီးတွင် မြို့ပြများနှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သက်ရှိလူသတ္တဝါများ နှစ်စဉ်အလျင်အမြန် တိုးပွားလျက်ရှိရာ လူတို့အသုံးပြုသည့် ရေချိုနှင့်ပတ်သက်၍ အနာဂတ်တွင် လိုအပ်ချက်များ ကြီးမားစွာဖြစ်ပေါ်လာမည် ဖြစ်သည်။ လက်ရှိကာလ၌ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများသည် ရေချိုမလုံလောက်သဖြင့် အခြားနိုင်ငံမှ ရေချိုကို ဝယ်ယူအသုံးပြုရခြင်း၊ ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲခြင်း၊ စွန့်ပစ်ရေဆိုးကို ပြန်လည်ပြုပြင် သုံးစွဲခြင်းတို့ ပြုလုပ်နေရသည်။ မြန်မာနိုင်ငံအနေဖြင့် မြစ်ချောင်း၊ အင်းအိုင်များ၊ သဘာဝရေထွက်များ စသည့်ပုံစံ အမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ် များပြားပြီး တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်ဟုသိရသည့်အတွက် မြန်မာသည် ရေချိုအရင်းအမြစ် ပေါများသည်။ သို့သော် မြန်မာနိုင်ငံ၏ အချို့ဒေသများနှင့် အပူပိုင်းအညာဒေသ၊ မိုးခေါင်ရေရှား ဒေသများတွင် နွေရာသီကာလများ၌ သောက်သုံးရေ အခက်အခဲများရှိပြီး လူမှုစီးပွားဘဝများ၌ အဆင်မပြေမှုများရှိသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရေချိုပေါများသည် ဆိုသော်လည်း ဖြစ်ပေါ်လာနေသည့် စိန်ခေါ်မှု အမျိုးမျိုးတို့ကြောင့် အနာဂတ်ကာလတွင် ကြုံတွေ့လာရနိုင်သည့် ရေချိုပြဿနာများကို ကြိုတင်တွက်ဆ၍ ရေချိုစီမံခန့်ခွဲမှုနှင့် အသုံးပြုမှုတို့ကို စနစ်တကျ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲရေးဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီတို့ကို စနစ်တကျ ဖွဲ့စည်းပြီး ရေနှင့်ပတ်သက်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအားလုံး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ ရေအသုံးပြုသည့် ပြည်သူများအကြား ရေရှည်တည်တံ့သည့် ရေအသုံးချမှုနှင့်ပတ်သက်သော အသိပညာ၊ ဗဟုသုတ၊ နည်းပညာများ၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဒေသအားလုံး၊ သက်ရှိအားလုံး ရေချိုအလုံအလောက် ရှိစေရေးအတွက် အမျိုးသားရေးကိစ္စရပ်အဖြစ် လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်သည်ဖြစ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လက်ရှိအသုံးပြုနေသော ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲမှု၊ ပြည်သူများအနေဖြင့် ရေချိုများကို စနစ်တကျအသုံးပြုမှုများ ပြုလုပ်နိုင်အောင် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။       

 

ကြေးမုံ