သိန်းနီမြို့နယ်၌ ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တို့တိုက်မိပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသူ ၅ ဦး သေဆုံး

နေပြည်တော် ၂၇ ဇူလိုင် 


ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ်၊ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်း မိုင်တိုင် အမှတ်(၃၁)အနီး၌ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တို့တိုက်မိပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


ဖြစ်စဉ်မှာ ချင်းရွှေဟော်ဘက်မှ သိန်းနီမြို့ဘက်သို့ စက်မှုဇုန်မြို့သစ်၊ ဇီးအုပ်ရပ်ကွက်နေ အောင်မြင့်(၄၅)နှစ် မောင်းနှင်လာသော MDY 5D/×××× ၁၂ ဘီးယာဉ်သည် မျက်နှာချင်းဆိုင်မှ ကွမ်းလုံမြို့နယ်၊ နားတီး(၃၅)မိုင်ကျေးရွာနေ မောင်ရှုကိုင်(၁၇)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ မောင်ထိုက်ရှုံ (၇)နှစ်ပါ ၄ ဦး စုစုပေါင်း ၅ ဦး လိုက်ပါသော ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး မောင်ရှုကိုင်ပါ ၅ ဦးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် အောင်မြင့်အား နမ့်စလပ်နယ်မြေရဲစခန်း ယာဉ်(ပ) ၈/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


MDN