သီတင်းကျွတ်တော့မည် မီးပုံးပျံလွှတ်ရအောင်

သီတင်းကျွတ်တော့မည်။ အရာအားလုံးသည် သစ်လွင်ခြင်းတစ်ခုဆီသို့ တိုးဝင်ရန် အရှိန်ယူနေကြသည့် အရိပ်အယောင်တို့ကို  နေရာတိုင်း အရာတိုင်းလိုလိုတွင်မြင်တွေ့နေရသည်။ မိုးသားတို့သည် နောက်ဆုတ်ပြေးထွက်၍ မြောက်အရပ်ဆီမှ လေအေးတို့သည် သစ်လွင်စွာဝင်ရောက်လာပေတော့မည်။ သစ်ပင်တို့သည် ပုရစ်ဖူးတို့ ဝေစည်ရန် ဟန်ပြင်နေကြသည်။

 


ည၏ ကောင်းကင်ထက်တွင်တော့ တစ်မိုးတွင်းလုံး ပုန်းရှောင်နေကြသည့် ကြယ်ကလေးများသည် မှိတ်တုတ်မှိတ်တုတ် လင်းလင်နေကြပါပြီ။ လေထဲတွင်တော့ ဆောင်း၏ အငွေ့အသက်တို့ ရောစွက်နေလေပြီ။ မကြာမီ…တကယ့်ကို မကြာတော့မည့် မနက်ဖြန်တွင် သီတင်းကျွတ်လပြည့်နေ့ ရောက်ရှိပြီဖြစ်သည်။ ထိုနေ့တွင် စေတီ၊ ပုထိုးများနှင့် ဘုရားကျောင်းကန်တို့တွင် ဆီးမီးထိန်ထိန်ထွင်းလင်းနေတော့မည်။ တရားသံတို့သည် လေထဲတွင်ပျံ့လွှင့်နေကြမှာဖြစ်သလို ဂီတသံတို့လည်း ပျံ့လွှင့်နေပေဦးမည်။ ပျော်ပွဲရွှင်ပွဲများ၊ ကခုန်တီးမှုတ် သံများနှင့် အလှူအတန်း အကျွေးအမွေး အစီအစဉ်တို့စသည် သီတင်းကျွတ်ကာလ အခါသမယတွင် တောရော မြို့ပါမကျန် ဆင်ယင်ကျင်းပကြ ဗုဒ္ဓဘာသာ မြန်မာတို့၏ ကြီးမားသည့် အစဉ်အလာ ယဉ်ကျေးမှု ဓလေ့စရိုက်ပင်ဖြစ်သည်။

 

 


ကျောင်းပိတ်၊ရုံးပိတ်ရက်များဖြစ်သဖြင့် မိသားစုများပြန်လည်ဆုံတွေ့ချိန်ကာ ဘိုးဘွားမိဘများကို စုပေါင်းကန်တော့ကြသည့် မြင်ကွင်းများသည် မြန်မာတို့၏ ချစ်စရာဈ ကြည်နူးစရာ ဓလေ့စရိုက်များဖြစ်ပါသည်။

 


အရာရာအားလုံးသည် ပြောင်းလဲနေသည်။ ထိုပြောင်းလဲမှုရေစီးကြောင်းတွင် စီးမျောရင်း မနက်ဖြန်တွင် ကျရောက်လာမည့် သီးတင်းကျွတ်ပွဲတော်ကြီးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး စိတ်ချမ်းသာ ပျော်ရွှင် စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ပါစေကြောင်း Myanmar Digital News က ဆုမွန်တောင်းလိုက်ပါသည်။

 

MDN