သီရိလင်္ကာနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ၆၀၀၀၀၀ ကျော် ဝင်ရောက်

ဧပြီ ၁

သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် မတ်လ ၂၇ ရက်အထိ ခရီးသွား ၆၀၀၀၀၀ ကျော် ဝင်ရောက်ကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအာဏာပိုင်အဖွဲ့က နောက်ဆုံးထုတ်ပြန်သော အချက်အလက်တွင် ဖော်ပြထားသည်။ မတ်လ ၁ ရက်မှ ၂၇ ရက်နေ့အထိ ကြားကာလအတွင်း သီရိလင်္ကာနိုင်ငံသို့ ခရီးသွားဦးရေ ၁၈၁၈၇၂ ဝင်ရောက်မှုရှိပြီး ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ခရီးသွား ၆၀၈၄၇၅ ဦး ဝင်ရောက်ခဲ့ကြောင်း မတ်လ ၃၀ ရက်က ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။ ခရီးသွားဝင်ရောက်မှုတွင် ရုရှား၊ အိန္ဒိယ၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ပြင်သစ်နိုင်ငံတို့မှခရီးသွားများ အများဆုံးဝင်ရောက်မှုရှိကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၆၈၇ ဒသမ ၅ သန်း ဝင်ငွေရရှိခဲ့ရာ ၂၀၂၃ ခုနှစ် အလားတူကာလ ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုထက် ၁၁၈ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို