ဇွန် ၁၅
သီရိလင်္ကာနိုင်ငံတွင် လက်ရှိပျံ့နှံ့နေသော ဗိုင်းရပ်စ်မျိုးကွဲအသစ်တစ်မျိုးကြောင့် ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ ထို့ကြောင့် အာဏာပိုင်များသည် ခြင်ပေါက်ဖွားရာနေရာများကို ထိန်းချုပ်ဖယ်ရှားပြီး ကူးစက်မှုလျှော့ချနိုင်ရန် နိုင်ငံတစ်ဝန်း သွေးလွန်တုပ်ကွေးကာကွယ်ရေး အစီအစဉ်တစ်ရပ်ကို ယနေ့တွင် စတင်ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
လက်ရှိမျိုးကွဲဗိုင်းရပ်စ်တွင် ယခင်က နိုင်ငံအတွင်း တွေ့ရှိခဲ့သော မျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုများစွာ ပါဝင်ကြောင်း ၎င်းက မီဒီယာများကို ပြောကြားခဲ့သည်။
နိုင်ငံအတွင်းရှိ လူအများစုသည် ယခင်က ယင်းဗိုင်းရပ်စ်မျိုးကွဲနှင့်ထိတွေ့ဖူးခြင်းမရှိသေးသောကြောင့် လူဦးရေအများစုသည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုမိုများပြားသည်ဟု ၎င်းက ဆိုသည်။
ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၁၁၄၄ ဦး ရှိပြီး သေဆုံးသူ ၂၄ ဦး ရှိကြောင်းနှင့် သေဆုံးသူများတွင် ကလေးလေးဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
အစိုးရအဖွဲ့က ရောဂါဖြစ်ပွားမှုအရေအတွက်မြင့်တက်လာမှုကို ထိန်းချုပ်ရန်အတွက် ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အထိ အထူးသွေးလွန်တုပ်ကွေးကာကွယ်ရေးရက်သတ္တပတ်ကို စတင်ခဲ့သည်။ နိုင်ငံအတွင်းရှိ အများပြည်သူဆိုင်ရာနေရာများကို ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အထိ အဓိကထားလုပ်ဆောင်မည်ဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့တွင် ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများ၊ မူကြိုကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ကလေးများတက်ရောက်သည့် အခြားအဖွဲ့အစည်းများကို လုပ်ဆောင်သွားမည်ဟု သိရသည်။
ဇွန်လ ၁၉ ရက်နေ့တွင် အများပြည်သူနှင့် ပုဂ္ဂလိက အလုပ်ခွင်များကို အဓိကထားမည်ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့တွင် နေအိမ်များနှင့် အနီးတစ်ဝိုက်ရှိပတ်ဝန်းကျင်များကို စစ်ဆေးခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


