သီးနှံအာမခံစနစ်

နိုဝင်ဘာ  ၁၅ 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့်အတူ သဘာဝဘေးဒဏ်ကို ပို၍ပို၍ ရင်ဆိုင်နေရသော မျက်မှောက်ကာလ၌ မြန်မာနိုင်ငံကဲ့သို့သော လယ်ယာ စိုက်ပျိုးရေးအခြေခံ နိုင်ငံတို့တွင် မှန်ကန်သော သီးနှံအာမခံစနစ် ကျင့်သုံး နိုင်ရေးသည် အရေးကြီးသော အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ရာသီဥတုဖောက်ပြန်မှုအပြင် ပိုးမွှား၊ ရောဂါနှင့် မီးဘေးတို့သည်လည်း တောင်သူလယ်သမားတို့အား မမျှော်လင့်သော ဆုံးရှုံးမှုတို့ကို ဖြစ်ပေါ် စေပါသည်။ တိုင်းပြည်လူဦးရေ၏ သုံးပုံနှစ်ပုံခန့် မှီခိုနေရသော လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၌ မျှော်မှန်း၍ မရသော ဆုံးရှုံးမှုများမှ ကာကွယ်ပေးရေး သည် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါသည်။

 

သီးနှံအာမခံစနစ်သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ မျှော်မှန်း၍ မရသော ဆုံးရှုံးမှုတို့အတွက် အထောက်အပံ့ အကာအကွယ်ကောင်းတစ်ရပ် ဖြစ်ပါသည်။ သို့သော် သီးနှံအာမခံစနစ်ကျင့်သုံးရာ၌ အချက်အလက်များ စနစ်တကျ ကောက်ယူ၍ စနစ်တကျသုံးသပ်ပြီး ဖြစ်ပေါ်နိုင်သည့် အန္တရာယ်တို့အတွက် အစီအစဉ်များ မှန်မှန်ကန်ကန် ချမှတ်နိုင်ရန် လိုအပ်ပါသည်။ သီးနှံအာမခံစနစ် အောင်မြင်ရေးအတွက် အခြေခံ လိုအပ်ချက် လေးရပ်ရှိပါသည်။ လုံလောက်သောလူဦးရေ ပါဝင်မှု၊ သင့်တော်သော ပရီမီယံကြေးသတ်မှတ်နိုင်မှု၊ အချက်အလက်အခြေခံ လုပ်ငန်းအစီအစဉ်ရေးဆွဲမှုနှင့် အာမခံသင်္ချာဆိုင်ရာ သုံးသပ်မှုတို့ ဖြစ်ပါသည်။ အာမခံပရီမီယံကြေး တွက်ချက်ရာ၌ စနစ်တကျ တွက်ချက်ထားသည့် အန္တရာယ်အပေါ် အခြေမခံပါက သီးနှံအာမခံစနစ်သည် အောင်မြင်နိုင်မည် မဟုတ်ပါ။

 

မြန်မာနိုင်ငံ၌ သီးနှံအာမခံစနစ် အောင်အောင်မြင်မြင် ကျင့်သုံးနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံ အသီးသီး၏ အတွေ့အကြုံများကို လေ့လာ ရမည်သာမက တိုင်းပြည်၏ ပကတိအခြေအနေအရပ်ရပ်ကိုလည်း စနစ် တကျ လေ့လာသုံးသပ်ရမည် ဖြစ်ပါသည်။ တိုင်းပြည်၌ မှန်ကန်သင့်တော် သော အာမခံစနစ် ဖြစ်ပေါ်လာရေးအတွက် အမျိုးသားအဆင့် သီးနှံ အာမခံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံး၌ ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းရေးနှင့် သီးနှံအာမခံဆိုင်ရာ မူဝါဒ ရေးဆွဲရေးတို့ကို တွန်းအားပေးဖော်ဆောင်သွားမည် ဖြစ်ပါသည်။

 

ဤအလုပ်ရုံဆွေးနွေးပွဲ၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်လျက် ရှိသော အလွှာအသီးသီး ပါဝင်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်သွားမည်ကိုလည်း သုံးသပ်သွားမည် ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ မျှော်မှန်းမရသည့် ဘေးအန္တရာယ်တို့အား ထိထိရောက်ရောက် အာမခံကာကွယ်ပေးနိုင်မှသာလျှင် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည့် တခြားသော စီးပွားရေးကဏ္ဍတို့အပေါ် ဆိုးကျိုးသက်ရောက်မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် တစ်ရပ်ဖြစ်သည့် သီးနှံအာမခံစနစ် အကောင်အထည်ဖော်ရေးကို လေးလေးနက်နက် ကြိုဆိုပါကြောင်း တင်ပြအပ်ပါသည်။    ။
(မြန်မာ့အလင်း)