“သီချင်းဆိုရင်း အစားကောင်းကောင်းလေး စားကြမယ်”

ဒီတစ်ခေါက်တော့ သူငယ်ချင်းတွေနဲ့ city mall ကိုသွားရင်း mCube ကို တွေ့လိုက်တော့ ကြာသလား ဝင်ဟဲကြမယ်ဆိုပြီး ရောက်သွားသေးတယ်။ သီချင်းဆိုရင်း ညစာစားချိန် ရောက်လာတော့ ဗိုက်က ဆန္ဒပြလာပြီလေ အသံတွေလည်း မျိုးစုံထွက်ရင်း အဲ့ဒါနဲ့ ဒီမှာ အစားအစာတွေရော ကောင်းရဲ့လားဆိုပြီး စမ်းကြည့်အုံးမယ်ဆိုပြီး အက်မင်တို့မှာ ဖြစ်ခဲ့တာတွေကတော့ ဒါတွေပါ…

 

1. Seafood ငရုတ်ကောင်း

 

Seafood တွေကို အသီးအရွက်တွေ၊ မှိုတွေနဲ့ ငရုတ်ကောင်းများများနဲ့ ချက်ထားတာပါ။ မစပ်ပဲ ငရုတ်ကောင်း များတဲ့အတွက်ကြောင့် ပူပူလေးနဲ့ အရသာက ဆွဲဆောင်နေပါတယ်။

 

2. ကောင်းပိုကြက်သားဟင်း

 

နာမည်လေးက ဆန်းသလို အရသာလေးကလည်း ထူးခြားနေတာ တွေ့ရပါတယ်။ ပုံစံကြည့်လိုက်ရင်တော့ ရိုးရိုးကုန်းဘောင်ကြီးနဲ့ မကွာပေမယ့် အရသာကတော့ ရှယ်ပဲ။ ကြက်ဥနှင့် ပြောင်းဖူးမှုန့် ကပ်ကြော်ထားတဲ့ ကြက်သားကို မြေပဲ၊ သီဟိုစေ့၊ ငရုတ်သီးခြောက်တို့နှင့် ပြန်ကြော်ထားတာဖြစ်ပြီး အရသာကို ထူးခြားလေးနက်စေတာကတော့ ဒီမှာထည့်ချက်ထားတဲ့ တရုတ်ဝိုင်ကြောင့်ပါ။ ချိုစပ်အရသာရှိတဲ့ ဒီဟင်းပွဲလေးက အမြည်းအနေနဲ့စားလည်း သင့်တော်ပါတယ်။

 

3. ဝက်အူမသုပ်

 

နူးနေတဲ့ ဝက်အူမဖက် အကြီးကြီးတွေကို ခရမ်းချဉ်သီးတို့ ရှောက်ရွက်တို့နဲ့ မညှီစေပဲ ချဉ်စပ်အရသာဖြစ်အောင် သုပ်ထားတာပါ။

 

4. နံရိုးပေါင်းကြံမဆိုင်

 

အရသာ မမြည်းကြည့်ခင်ကတည်းက မွှေးနေတဲ့ ကြံမဆိုင်အနံ့လေး နူးနေအောင် ပေါင်းထားတဲ့ ဝက်နံရိုးကို ကြံမဆိုင်၊ အသီးအရွက်၊ ငရုတ်သီးစိမ်းတို့နဲ့ ဟင်းချိုပြန်ချက်ထားတာပါ။ ခံတွင်းပျက်နေသူတွေအတွက်လည်း စားဝင်စေမယ့် ဟင်းချိုလေးပါ။

 

5. ပုစွန်စီချွမ်

 

ဂျုံမှုန့် ကပ်ကြော်ထားတဲ့ ပုစွန်ထုပ်ကို ကြက်သွန်မြိတ်၊ ငရုတ်သီးခြောက်၊ မြေပဲတို့နဲ့ အရသာထည့်ပြီး ပြန်ကြော်ထားတာပါ။ အပေါ်မှာ တင်ပေးထားတဲ့ ကြက်သွန်ကြော် မွှေးမွှေးလေးနဲ့စား ရှယ်ပဲ။

 

ကောင်းပိုကြက်သားဟင်းနှင့် ပုစွန်စီချွမ်ကတော့ တခြားဆိုင်တွေမှာ မရပဲ အရသာ ကောင်းတဲ့ ဟင်းပွဲတွေဖြစ်လို့ ဒီကိုရောက်ရင် မြည်းစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်)

 

နောက်ထပ်ကတော့ ဟင်းတပွဲချင်းစီ မဟုတ်ပဲ နေ့လည်စာပဲဖြစ်ဖြစ်၊ ညစာပဲဖြစ်ဖြစ် အဆင်ပြေမယ့် Set လိုက်လေးတွေ မြည်းကြည့်ဖြစ်ခဲ့ပါတယ်။

 

1. ကြက်သားသုပ်ချဉ်စပ်ထမင်းနှင့် ငုံးဥငါးဖယ်လုံးဟင်းချို

 

ပြုတ်ထားတဲ့ ကြက်သားကို တရုတ်နံနံ များများနဲ့ ချဉ်ချဉ်စပ်စပ်လေး သုပ်ထားတာပါ။ အစပ်ပြေ သောက်လို့ရအောင် တွဲပေးထားတာကတော့ ငုံးဥငါးဖယ်လုံး ဟင်းချိုလေးပါ။ ပြုတ်ရည်ကောင်းကောင်းကို နူးညံ့တဲ့ ငါးဖယ်လုံးနှင့် ငုံးဥရယ် အသီးအရွက် များများနဲ့ အချိုလေး ပြုတ်ထားတော့ ကြက်သားသုပ်ချဉ်စပ်နဲ့ တော်တော်လေး လိုက်ဖက်ပါတယ်။

 

2. ဝက်သားကင်ထမင်းနှင့် ငါးခေါင်းဟင်းချို

 

ဝက်ဂုတ်သားကို ရိုးရိုးရှင်းရှင်းနှင့် ချိုချိုလေး ကင်ထားတာ ဖြစ်ပါတယ်။ စပါးလင်အနံ့ မွှေးမွှေးလေးနဲ့ ငါးခေါင်း၊ မျှစ်၊ ကြွက်နားရွက်မှို၊ ပဲပြားထည့်ပြီး ချဉ်စပ်လုပ်ထားတဲ့ ငါးခေါင်းဟင်းချိုကတော့ ထမင်းမြိန်စေမှာပါ။

 

3. အမေရိကန် ထမင်းကြော်နှင့် ကြက်ချဉ်စပ်ဟင်းချို

 

ခရမ်းချဉ်သီးဆော့စ် အရသာနဲ့ ဒီထမင်းကြော်ကတော့ ထောပတ်နဲ့ ကြော်ထားလို့ ထမင်းက နူးညံ့နေတာပဲ။ ဘေးကလိုက်ဖက်တဲ့ ကြက်ပေါင်ကြော်နှင့် ကြက်အူချောင်းကလည်း ပါသေး။ ကြက်ချဉ်စပ်ကတော့ ရိုးရှင်းပါတယ်။ ကြက်သားကို ကြက်ဥရယ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပြုတ်ရည်ထဲ ချဉ်စပ်လေးပြုတ်ထားတာပါ။

 

 

ဒီ set လေးကတော့ တစ်ယောက်စာ စားလို့ရအောင် လုပ်ပေးထားဖြစ်ပြီးတော့ ထမင်းတစ်ပွဲစီလည်းပါတော့ အဆင်ပြေတာပေါ့နော်။ အက်မင်လို ထမင်းစားရင် အသားဟင်းတင် မဟုတ်ပဲ ဟင်းရည်ပါမှ စားတတ်တဲ့ လူအတွက်လည်း ဒါတွေက အံကိုက်ပဲ။

 

ဒါနဲ့ ကော့တေးတွေကလည်း အထင်မသေးလိုက်နဲ့နော်။ အမိုက်စားတွေ.. (အက်မင်ဆို one sip စီသောက်ရင်းနဲ့ကို ချာချာလည်သွားတာ :P )

 

အစားအစာတွေ ကောင်းတာကို ပြောရင်းနဲ့ အပြတ်ဟဲချင်တဲ့ လူတွေအတွက် အခန်းခတွေ ပြောဖို့တောင် မေ့နေတယ်။ သူ့မှာက အခန်းသေး (၁၁၀ဝ၀ ကျပ်)၊ အခန်းလတ် (၁၅၀ဝ၀ ကျပ်)၊ အခန်းကြီး (၂၀ဝ၀ဝ ကျပ်)၊ VIP (၃၀ဝ၀ဝ ကျပ်) နှင့် VVIP (၄၀ဝ၀ဝ ကျပ်) ဆိုပြီး အစားစားရှိတာ တွေ့ရပါတယ်။ သန့်ရှင်းပြီး သက်တောင့်သက်သာရှိတဲ့ အခန်းတွေနဲ့ Sound System ကောင်းကောင်း လုပ်ပေးထားတယ်။ သဘောအကျဆုံးကတော့ အမြဲမိုက်လုပ်နေကြတဲ့ ဘော်ဒါတွေအတွက် သီချင်းဆိုဖို့က တီဗီတစ်လုံးအပြင်၊ မဆိုချင်ပဲ ရုပ်ရှင်တွေ ထိုင်ကြည့်ချင်တဲ့ လူတွေအတွက် နောက်ထပ် တီဗီတလုံး ထားပေးထားတာ တွေ့ရပါတယ်။

 

 

ကိုယ့်ချစ်ချစ်ကို ဆိုခိုင်းထားပြီး ကိုယ်က ဘောလုံးပွဲထိုင်ကြည့်နေလို့ရတာပေါ့

 

အက်မင်ကတော့ mCube ကို ပါတီတွေ၊ ပွဲလေးတွေလုပ်ဖို့ သင့်တော်တယ်လို့ အကြံပေးချင်ပါတယ်။ mCube က တနင်္လာကနေ ကြာသပတေးအထိကို မနက် ၉ နာရီမှ ည ၁၂ နာရီဖွင့်ပြီးတော့ သောကြာ၊ စနေ၊ တနင်္ဂနွေဆိုရင် မနက် ၂ နာရီထိတောင် ဖွင့်ပါတယ်တဲ့ရှင်။ တစ်ခုပဲ သူ့ရဲ့နေရာလေး။ ပထမဖွင့်တဲ့ mCube က ဝေဇယန္တာ လမ်းမကြီးပေါ်မှာ ရှိပြီးတော့ အခုကတော့ အသစ်ဖွင့်ထားတဲ့ St. John City Mall, Level 3 မှာရှိတာပါ။ ရုပ်ရှင်ရုံ မျက်နှာချင်းဆိုင်မှာ ရှိပြီးတော့ ဓာတ်လှေကားက တက်လာရင် တန်းတွေ့ရမှာပါ။ (နည်းနည်းလေးတော့ ရှာရခက်လို့ မျက်လုံးလျင်လျင်လေးနဲ့တော့ ကြည့်နော်)

 

ဒီတစ်ခေါက်တော့ သူငယ်ချင်းတွေ၊ မိသားစုတွေ အားလုံးတူတူ အနားယူပြီး ပျော်ရွှင်လို့ရမယ့် mCube Family Karaoke ကို မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောက်လည်း ဘယ်လိုနေရာ၊ ဘယ်လိုအစားအစာ အသစ်အသစ်တွေကို မိတ်ဆက်ပေးအုံးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးပါအုံးနော်။

 

MYO (My Lann)