သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ(၅)

စုစည်းတင်ပြသူ- သီသီမင်း၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

 

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပနေသည့် ‘‘ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ’’ ပွဲတော်ကြီးသည် ပွဲတော် ကာလပြီးဆုံးရန် နီးကပ်လာသည်နှင့်အမျှ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ပြခန်းများသို့ လာရောက်လေ့လာသူများ၊ ညပိုင်းတွင် တိုင်းရင်းသားများ၏ ကပြဖျော်ဖြေတင်ဆက်မှုများနှင့် နာမည်ကျော် တေးသံရှင်များ၏ သီဆို ဖျော်ဖြေမှုများကို လာရောက်ကြည့်ရှုသူများ၊ ရိုးရာအစားအစာများ၏ ထူးခြား ကောင်းမွန်သောအရသာများကို လာရောက်စားသုံးသူများဖြင့် တစ်နေ့ထက် တစ်နေ့ ပိုမိုစည်ကားလျက်ရှိသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရိုးရာယဉ်ကျေးမှုပြခန်း

ပြခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် တောင်ပေါ် ဒေသတွင် နေထိုင်သည့် ကိုးကန့်လူမျိုးတို့ နေထိုင်ရာအိမ်ကို ပုံစံတူဆောက်လုပ်ထားသည့် တဲအိမ်ထဲ တွင် လာရောက်လည်ပတ်ကြည့်ရှုသူများအား လက်ဖက်ရည်ကြမ်းဖြင့် ဧည့်ခံခြင်း၊ ကိုးကန့်ရိုးရာတေးသီချင်းများ သီဆိုတီးမှုတ် ကပြဖျော်ဖြေ သည့်အချိန်တွင် လာရောက်လည်ပတ်သူများကိုယ်တိုင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲနေခြင်းတို့ကြောင့် ကိုးကန့်ရိုးရာယဉ်ကျေးမှု ပြခန်းသည် စည်ကားလျက်ရှိသည်။

‘‘ဒီအဆောက်အအုံက တောင်ပေါ်မှာဆောက်တဲ့ အဆောက်အအုံတွေ အတိုင်း ဝါးနဲ့ဆောက်ထားတာ။ အမိုးလေးတွေလည်း ဒီပုံစံပဲ။ တောင်ပေါ်မှာ လေအလွန် တိုက်တဲ့အခါကျတာ့ လေမတိုးအောင် ရွှံ့ရယ်၊ နွားချေး ရယ်ရောပြီး နံရံတွေကို လုပ်ထားတာ။ ဘိလပ်မြေထက် ခိုင်တယ်။ ဒီအိမ်တွေ က နှစ်ရှည်ခံတယ်။ ဒါလေးကို ပြချင်လို့ပါ’’ ဟု ကိုးကန့်တိုင်းရင်းသား ယဉ်ကျေးမှု ပြခန်းတာဝန်ခံ ဦးသိန်းဇော်ထွေးက ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်းတွင် ကိုးကန့်ဒေသ၏ နာမည်ကြီး ထုတ်ကုန်လက်ဖက်ခြောက်အပါအဝင် မုန်ညင်းချဉ်၊ တို့ဟူးချဉ်၊ သစ်ကြားသီး စသည့် ဒေသထွက် စားသောက် ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားသည်။

တူရိယာပစ္စည်းများအနေဖြင့် နှစ်သစ်ကူးပွဲတော်များ၊ သာရေးနာရေးနှင့် ပျော်ပွဲရွှင်ပွဲများတွင် တီးခတ်လေ့ရှိသည့် ဘင်ဂျိုများ၊ နှဲနှင့် ၁၉၆၀ ပြည့်နှစ်ကတည်းက ပစ္စည်းဖြစ်သော ရှန်မယ်ဟုခေါ်သည့် ဝါးဖြင့်ပြုလုပ် ထားသော ကိုးကန့်လူမျိုးတို့၏ ရိုးရာတူရိယာတစ်ခုကိုပါ ထူးခြားစွာ တွေ့မြင်ရမည်ဖြစ်သည်။

‘‘ ရှန်မယ်လို့ခေါ်တယ်။ ဝါးနဲ့ လုပ်ထားတာ။ လေနဲ့ မှုတ်ရတာ။ တစ်ယောက်တည်း ညအချိန် တီးမှုတ်လို့ ရှိရင် ပိုပြီးတော့မှ အသံလွင်လွင်လေး ကြားရတယ်။ ဟိုအရင်တုန်းက လူပျိုလှည့်ရင် မိန်းကလေးအိမ်တွေမှာ သွားပြီး တီးကြတာ။ ရိုးရာပစ္စည်းပေါ့။ အခုလက်ရှိမှာ တီးမှုတ်တတ်တဲ့သူ နည်းနည်းလေးရှားပါးလာပြီ’’ ဟု ဦးသိန်းဇော်ထွေးက ပြောသည်။

ပြခန်းအတွင်း ကိုးကန့်လူမျိုးတို့ မိုးရာသီ၊ ဆောင်းရာသီတို့တွင် လားများဝန်စည်စလယ်များဖြင့် ကူးသန်းသွားလာရာ၌ ချမ်းအေးမှုဒဏ် ခံနိုင်ရန် ချုပ်လုပ်ထားသော ထန်းမိုးကာ၊ တောင်ထန်းအိပ်ရာခင်း၊ ကောက်ရိုး၊ အဝတ်စများဖြင့် ပြုလုပ်ထားသည့် ကိုးကန့်ရိုးရာ ယောက်ျားစီး ဖိနပ်ပုံစံ အမျိုးမျိုး၊ ရှေးခေတ်ကိုးကန့် မိန်းကလေးများ ဝတ်ဆင်ခဲ့သည့် ဖိနပ်တို့ကို လည်း ပြသထားသည်။

ပြခန်းအတွင်း ကိုးကန့်နယ်မြေ၊ လောက်ကိုင်ဒေသ၌ ယနေ့တိုင် တွေ့ရှိ နိုင်သော နှစ်ပေါင်း ၂၀၀ ကျော်က တည်ဆောက်ခဲ့သည့် ကိုးကန့်ဒေသနှင့် ပတ်သက်သော ကျောက်ထုစာပေ၊ စော်ဘွားအဆက်ဆက်၏ မှတ်တမ်း ဓာတ်ပုံများ၊ ကိုးကန့်ဒေသ၏ ပထဝီအနေအထား၊ ကိုးကန့်တိုင်းရင်းသား တို့၏ လူမျိုးနှင့် ယဉ်ကျေးမှု သမိုင်းမှတ်တမ်းများ ၊ ကိုးကန့်တိုင်းရင်းသားစာအုပ်များ၊ ကိုးကန့်ဒေသကို ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်စဉ်က ယန်မျိုးနွယ်အုပ်ချုပ်သူ အာဏာပိုင်များ အသုံးပြုခဲ့သော ရုံးတံဆိပ်တုံးတို့ကို ဖော်ပြထားသည့်အပြင် ထူးခြားချက်အနေဖြင့် ကိုးကန့်စော်ဘွားခေတ်က အသုံးပြုခဲ့သည့် နိုင်ငံသားမှတ်ပုံတင်တစ်ခုကို စိတ်ဝင်စားဖွယ် ပြသထားသည်။

စော်ဘွားခေတ်က အသုံးပြုခဲ့သည့် နိုင်ငံသားမှတ်ပုံတင်

‘‘ စော်ဘွားတွေခေတ်က သုံးခဲ့တဲ့ မှတ်ပုံတင်က အဲဒီတုန်းက ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်ရတယ်။ ကိုယ့်စော်ဘွားနဲ့ကိုယ်အုပ်ချုပ်တော့မှတ်ပုံတင်မရှိရင် ကျွန်တော်တို့ ပြည်မနဲ့ ဆက်သွယ်ဖို့ခက်တယ်။ လာဖို့ခက်တယ်။ ကိုးကန့် နယ်အတွက် ကိုးကန့်လူမျိုးတွေအတွက် သီးသန့်ဆိုပြီး စော်ဘွားကိုယ်တိုင်လက်မှတ်ထိုးထုတ်ပေးထားတာပါ ’’ ဟု ဦးသိန်းဇော်ထွေးက ပြောသည်။

ကိုးကန့်တိုင်းရင်းသားများ နှစ်သစ်ကူးချိန်တွင် မိန်းမပျိုလေးများအား ချစ်ခွင့်ပန်ရန် ပြုလုပ်သည့် ပန်းပေါက်ပွဲ(တာပေါင်)တွင် အသုံးပြုသည့် ပေါင်းဟု ခေါ်သည့် ပန်းဖွားလုံးလေးများ၊ နှစ်သစ်ကူးရက် နှစ်ဆန်း ၁ ရက်မှ ၁၅ ရက်တွင် ကစားလေ့ရှိသည့် ဂျင်ပေါက်ပွဲတွင် အသုံးပြုသည့် ဂျင်၊ ကြိုး၊ အတံအစုံများကိုလည်း ပြသထားပြန်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

‘‘လူကြီး၊ လူငယ်တွေ တော်တော်ကစားကြတယ်။ လောက်ကိုင်နဲ့ ချင်းရွှေဟော်တို့မှာ ပေါက်တယ်။ ပေါက်ပုံ ပေါက်နည်းကလည်း ဂျင်တစ်လုံးကို ပေါက်လိုက်မယ်၊ အလယ်မှာ လည်နေမယ်။ သူက တည်ကြက်ပေါ့။ နောက် တစ်လုံးကို ဂျင်ပေါက်ပြီးရင် ဘယ်လောက်ကြာကြာ လည်နိုင်မလဲ၊ ကောင်းတဲ့ ဂျင်တွေဆိုရင် နာရီနဲ့ချီပြီး ကြာတယ်။ လည်နေတာ။ လူကို မထိရဘူး၊ ကြာတဲ့ အချိန်ကို ဆုပေးတာ’’ ဟု ဦးသိန်းဇော်ထွေးက ပြောသည်။

ပြခန်းအတွင်း ဆန်၊ ပဲ၊ ပြောင်းနှင့် တိရစ္ဆာန်အစာများ အမှုန့်ကြိတ်ရာတွင် အသုံးပြုသည့် ကျောက်ကြိတ်ဆုံ၊ ဆန်ဖွပ်၊ မောင်းထောင်း၊ စပါးရိတ်ရာတွင် သုံးသည့် ပစ္စည်းကိရိယာများ၊ ကူးသန်းသွားလာရာတွင် သုံးသည့် နွား၊ မြင်းကုန်းနှီးများ၊ ဝန်စည်စလယ်တင် ကုန်းနှီးများ၊ ကောက်ရိုးထိုင်ခုံများ၊ ဆန်နှင့် ဟင်းသီးဟင်းရွက်များ ဆေးကြောသန့်စင်ရာတွင် အသုံးပြုသည့် ဆန်ဆေးပလုံးများ၊ တိရစ္ဆာန်အစာထည့်သည့် တောင်းများ၊ တောင်ပေါ် ဒေသတွင်သုံးသည့် ကလေးပုခက်များ၊ ဝါးဖြင့် ပြုလုပ်ထားသည့် ရိုးရာဆေးလိပ် သောက်သည့်ပြောင်းများနှင့် တံစဉ်၊ ဓား စသည့်ရှေးယခင်ကိုးကန့်ဒေသ၌ အသုံးပြုခဲ့သည့် တောင်ယာသုံးပစ္စည်းများနှင့် လောက်လေးခွ၊ ဒူးလေး စသည်တို့ကို ခင်းကျင်းပြသထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်း

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှု ပြခန်းအဝင်ဝတွင် ကြီးမားလှသည့် ပင့်ကူရုပ်တုကြီး တစ်ခုက ပြခန်းသို့ လာရောက်ကြည့်ရှု လေ့လာသူတို့အတွက် စိတ်ဝင်စားစရာပင်ဖြစ်သည်။

‘‘ ပင့်ကူရုပ်တုကြီးရဲ့ သမိုင်းကို ပြန်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပင်းတယမြို့ဟာ ပင့်ကူရ၊ ပင့်ကူကို အောင်နိုင်သွားတဲ့ မြို့တော်ပေါ့။ သုဓနု မင်းသားက ပင့်ကူရန်ကို လေးမြားနဲ့ပစ်ခွင်းပြီးတော့မှ ရန်ကို နှိမ်နင်း ခဲ့တယ်။ ပင့်ကူကို အောင်နိုင်ခဲ့တာကို အစွဲပြုပြီး ပင်းတယလို့ ခေါ်ခဲ့တာ ဖြစ်လို့ ဒါကို ပြသထားတာ ဖြစ်ပါတယ်’’ ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်းမှ ကိုကျော်မျိုးထွေးက ပြောသည်။

ပြခန်းအတွင်း မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများပါ အထူးစိတ်ဝင်စားသည့် ဓနုတိုင်းရင်းသားများ၏လက်မှုလုပ်ငန်းဖြစ်သည့် ထီးကြမ်းလုပ်ငန်းနှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်နေမှု များနှင့်အတူ ထီးလုပ်ငန်းပြုလုပ်ရာတွင် သုံးသည့် ပစ္စည်းများ၊ မှိုင်းကိုင်စက္ကူဖြင့် ပြုလုပ် ထားသည့် ထီးကြမ်းများကို အရွယ်စုံ၊ အရောင်အသွေးစုံ မြင်တွေ့နိုင်သည်။

‘‘လက်မှုရိုးရာထီးကြမ်းလုပ်ငန်းဟာဆိုရင် မျိုးဆက် သုံးဆက်လောက် ရှိသွားပါပြီ။ ဒီထီးလေးတွေလုပ်ပြီးတော့ တောင်ယာမှာ မိုးတွင်းမှာ သုံးတယ်။ မှိုင်းကိုင် စက္ကူနဲ့လုပ်တာ။ ဓနုတိုင်းရင်းသားတွေရဲ့ နာမည်ကြီးတဲ့ ရိုးရာ ထီးလုပ်ငန်းပါ’’ ဟု ကိုကျော်မျိုးထွေးက ပြောသည်။

ဓနုရိုးရာ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဓနုတိုင်းရင်းသားများ မြေပဲ၊ နေကြာဆီကြိတ်ရာတွင် သုံးသည့် သစ်သားဆီဆုံ၊ ရိုးရာပွဲတော်များတွင် ချက်ပြုတ်သည့် ပေါင်းအိုး၊ ခရီးသွားလာသည့်အခါ နွားများကိုယ်ပေါ် သို့တင်၍ပစ္စည်းထည့်သည့် ဝန်တင် တောင်း၊ ဆွမ်းတော်တင်ရာတွင် လည်းကောင်း၊ မိသားစုထမင်းစားသည့်အခါတွင်လည်းကောင်း အသုံးပြု သည့် နှီးဒေါင်းလန်းများ၊ ဝါးဖြင့် ရက်လုပ်ထားသော တောင်းအမျိုးမျိုး၊ ပြည်တောင်း၊ ချိန်ခွင်၊ ဝါးခလောက်များ၊ မီးကင်းစောင့်သည့်အခါ တီးသည့် ခလောက်များ၊ မှိုင်းကိုင်စက္ကူဖြင့် ရေးထားသည့် စာပေများ၊ မိခင် မေတ္တာကို ရည်ညွှန်းသည့်ရုပ်တုတို့ကို ဗဟုသုတဖြစ်ဖွယ် မြင်တွေ့ နိုင် သည်။

‘‘ ဒေါင်းလန်းဆိုရင် မိသားစုတွေ ထမင်းစားတဲ့အခါ သုံးတယ်။ တာတက် ပွဲမှာ ဆွမ်းတော်တင်တဲ့အခါ သုံးတယ်။ ထမင်းတွေ၊ ဟင်းတွေ တင်လှူပြီး ဆုတောင်းကြတာပေါ့။ အခုပြထားတာ သေးသေးလေး၊ အကြီးလည်းရှိ တယ်’’ ဟု ကိုကျော်မျိုးထွေးက ပြောသည်။

ဓနုတိုင်းရင်းသား တူရိယာပစ္စည်းများဖြစ်သည့် အိုးစည် ၊ မောင်း၊ လင်းကွင်း၊ ဝါးလက်ခုပ်၊ ဓားသိုင်းကရာတွင်သုံးသည့် ဓားများ၊ မှိုင်းကိုင် စက္ကူဖြင့် ပြုလုပ်ထားသည့် မီးပုံးများကိုလည်း ပြသထားသည်။

ထို့ပြင် ဓနုတိုင်းရင်းသားများနေထိုင်ကြသည့် ပင်းတယ၊ ရွာငံ၊ နောင်ချို၊ ရပ်စောက်ဒေသများရှိ ပင်းတယလိုဏ်ဂူ၊ မိန်းမရဲတောင်၊ ရေပြာအိုင်စသည့် နာမည်ကျော် အထင်ကရနေရာများ၊ အထင်ကရ ဆရာတော်ကြီးများ၊ ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များ နာမည်ကျော်လက်ဖက်နှင့် ကော်ဖီစိုက်ခင်းများကို ဗီနိုင်းဖြင့် ပြသထားသည်ကို လေ့လာခွင့်ရမည် ဖြစ်သည့်အပြင် ဓနုရိုးရာအဝတ်အထည်များ၊ အမှတ်တရ ပစ္စည်းများကိုပါ ဝယ်ယူရန် ဆိုင်ခန်းများလည်း ဖွင့်လှစ်ထားသည်။

‘‘ သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှာ အခုလိုလာပြခွင့်ရတာ တိုင်းရင်းသား ယဉ်ကျေးမှုတွေလည်း အချင်းချင်းဖလှယ်လို့ရတယ်။ တခြားသွေးချင်း တိုင်းရင်းသားတွေ ဖျော်ဖြေတာတွေလည်း သဘောကျတယ်။ ပျော်လည်း ပျော်ပါတယ်’’ ဟု ရိုးရာယဉ်ကျေးမှုပြခန်းမှ ကိုကျော်မျိုးထွေးက ပြော သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြခန်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြခန်း တွင် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်း များတွင် သင်ကြားနေသည့် တိုင်းရင်းသားဘာသာ ၆၄ မျိုး၏အမည်များ၊ တိုင်းရင်းသားဒေသ သင်ရိုး ညွှန်းတမ်း စာအုပ်များ၊ တိုင်းရင်းသား ပုံပြ၊ ပုံပြင်စာအုပ် ၆၆ မျိုး၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားနေ့နှင့် နေ့ထူးနေ့မြတ်များ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းစာအုပ် များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ပုံပြင်များ၊ စကားထာများ၊ ဆိုရိုးစကားများနှင့်ပတ်သက်သည့် စာအုပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေစာအုပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေစာအုပ်များကို ခင်းကျင်း ပြသထားသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြခန်းမှ ရန်ကုန်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဌာန ဦးစီးအရာရှိ ဒေါ်နီနီမင်းသိန်းက ‘‘ ပြီးခဲ့တဲ့နှစ်က ပြခန်း မပြဖြစ်ခဲ့ ဘူး။ ဒီနှစ်မှ လုပ်ဖြစ်တာပါ။ ပြည်သူအများစုက ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့တိုင်းရင်းသားရှစ်မျိုးပဲ သိကြတာ။ သူတို့ရဲ့ မျိုးနွယ်စုတွေကို မသိကြဘူး။ အခုဆို ညဘက်မှာ အမှတ်တရဓာတ်ပုံရိုက်တဲ့သူတွေ ရှိတယ်။ ပြခန်းကို နိုင်ငံခြားသားတွေလာတဲ့ အခါမှာ လည်း စိတ်ဝင်စားတာတွေ့ရတယ် ’’ ဟု ပြောသည်။

အဆိုပါ ပြခန်းအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ၁၃၅ မျိုး၏ အမည်စာရင်းများ ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း ၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားများအပါအဝင် ၎င်းတို့ မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်ပုံများ၊ နေထိုင်စားသောက်မှုပုံစံများ၊ ဖြစ်ပေါ်လာသော သမိုင်းကြောင်းများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားမှုများ၊ တိုင်းရင်းသား ဒေသအသီးသီးရှိ ထင်ရှားကျော်ကြားသောနေရာများ၊ ယဉ်ကျေးမှု အဆောက်အအုံများကိုပါ ပြသထားသည့် အပြင် လာရောက်ကြည့်ရှုလေ့လာသူများအား တိုင်းရင်း သားများနှင့်ပတ်သက်သည့် အချက်အလက်များကို ဖြေကြားပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ပေးလျက်ရှိရာ ဗဟုသုတတိုးပွားစေသည့် ပြခန်း ဖြစ်သည်။

မြန်မာနိုင်ငံတိုင်းရင်းသား

လုပ်ငန်းရှင်များအသင်းပြခန်း

သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကြီး ဖြစ်မြောက်ရန် ကြီးမှူးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကလည်း ပြခန်းဖွင့်လှစ်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ တအာင်း(ပလောင်)၊ ဓနု၊ ကိုးကန့်၊ ‘ဝ’၊ နာဂ စသော တိုင်းရင်းသားများ၏ သမိုင်းဆိုင်ရာ အချက်အလက်များ၊ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ဖြစ်ပေါ်လာပုံနှင့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် မှတ်တမ်းများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း စတင်ဖြစ်ပေါ် လာပုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ဆောင်ရွက်မှုမှတ်တမ်းများကို ဓာတ်ပုံမှတ်တမ်းများဖြင့် ပြသထားရာ ယခုနှစ်ကျင်းပ သည့် ‘‘ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀’’ ပွဲတော်ကြီး သည် ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး၏ ရိုးရာဓလေ့စရိုက်များ၊ စာပေယဉ်ကျေးမှုများ၊ အစား အသောက်နေထိုင်မှုပုံစံများကို တစ်နေရာတည်း ကြည့်ရှု လေ့လာခွင့်ရသည့် တိုင်းရင်းသားကမ္ဘာကြီးတစ်ခု ဖြစ်နေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ။

မြန်မာ့အလင်း