“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော် ကျင်းပနိုင်ရေး စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ

ရန်ကုန် ၉ ဇန်နဝါရီ

တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ၏ ရိုးရာယဉ်ကျေးမှုများကို ပြသရန်နှင့် တိုင်းရင်းသားဒေသ အသီသီးသို့ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပမည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကို ရန်ကုန်မြို့ကျိုက္ကဆံအားကစားကွင်းကြီးအတွင်း ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ၆ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

ပွဲတော်နှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး ခန်းမ၌ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပွဲတော်ကျင်းပရေးကော်မတီများက ပြပွဲကျင်းပမည့် အခြေအနေ စီစဉ်ထားမှုများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ 

အဆိုပါ ပွဲတော်ကို  ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပေါင်းစုံတို့သည် ချစ်ကြည် ရင်ရင်းနှီးစွာတွေ့ဆုံကြပြီး စည်းလုံးညီညွတ်မှုကိုပြသနိုင်ရန် ပြည်သူများ လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးကို အထောက်အကူပြုစေရန် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံစံများ၊ မြန်မာနိုင်ငံ၏လှပသော စိတ်ဝင်စားဖွယ်နေရာများကို နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ သိရှိလေ့လာနိုင်စေရန် ခရီးသွားလုပ်ငန်းများပိုမိုမြင့်မားလာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


အောင်မြင့် (ပြန်/ဆက်)