သေဆုံးနေတဲ့ ဆင်ပုလေး ၆ ကောင်ကို မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာတွေ့

၂၂ မေ

မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ ဆီအုန်းစိုက်ခင်းတွေကြားမှာ သေဆုံးနေတဲ့ ဆင်ပုလေး ၆ ကောင်ကို တွေ့ရကြောင်း ၂၁ ရက်ကနေ့ အရာရှိတွေက ပြောပါတယ်။ မိုးသစ်တော ပျက်သုဉ်းလာတာနဲ့အမျှ အဲဒီမှာ ကျင်လည်ကျက်စားတဲ့ သတ္တဝါတွေ အတွက် အန္တရာယ်ရှိလာပါတယ်လို့ အဲဒီအရာရှိတွေက ဆက်ပြောပါတယ်။ 

သေဆုံးနေတဲ့ ဆင်ပုလေးတွေက အသက် ၁ နှစ်ကနေ ၃၇ နှစ် ကြားရှိပြီး ဘောနီယိုကျွန်းရှိ ဆာဘတ် ဒေသတွင်းမှာ တွေ့ရတယ်လို့ ဒေသတွင်း တောရိုင်းတိရစ္ဆာန်ဌာနရဲ့ ဒါရိုက်တာ သြော်ဂတ်စတင်း တူးဂါးက ပြောပါတယ်။

 

သေဆုံးနေတဲ့ ဆင်တွေရဲ့ ခန္ဓာကိုယ်ကို ဓာတ်ခွဲကြည့်နေပါတယ်။ သေနတ်ဒဏ်ရာမျိုးတော့ မတွေ့ရဘူး။ ဆင်ပုလေးတွေက ဆီအုန်းပင်တွေကို ကျွေးထားတဲ့ ဓာတ်မြေသြဇာတွေ စားမိလို့ အဆိပ်သင့်ပြီး သေဆုံးတယ်လို့ ယူဆကြောင်း ဒါရိုက်တာ တူးဂါးက ဆက်ပြောပါတယ်။

ဆင်တွေက အဆိပ်ပျော်ဝင်နေတဲ့ ရေအိုင်က ရေကို သောက်မိတဲ့အတွက် အခုလို ဖြစ်တာလို့ The Star သတင်းစာကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကို ဝေဖန်ထားပါတယ်။  

အာရှတိုက်မှာ အသေးဆုံး ဆင်ပုအကောင်ရေ ၂၀ဝ၀ လောက်သာ တောတွင်းမှာ အရိုင်းအဖြစ် ကျန်တော့ပါတယ်။ မနှစ်က ၃ ကောင်ဟာ ဆင်လိုက်မုဆိုးတွေ လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ 

အခု ဆင်သေတွေ့တဲ့ ဆာဘတ်မှာ ၂၀၁၃ ခုနစ်ကလည်း ဆင်ပုလေး ၁၄ ကောင် သေဆုံးနေတာကို တွေ့ရဖူးပါတယ်။ 

ဆင်ပုလေးတွေပုံသဏ္ဍာန်က ဆင် ကလေးမျက်နှာ၊ နားရွက်ကြီးကြီး၊ ဝမ်းဗိုက် လုံးလုံးပူပူ နဲ့ အမြီးက တော်တော်ရှည်တာကို တွေ့ရပါတယ်။ တချို့ ဆင်ပုတွေရဲ့ အမြီးက ရှည်လွန်းတဲ့အတွက် လမ်းလျှောက်ရင် မြေပေါ်မှာ တရွတ်ဆွဲနေတာမျိုးအထိ ရှိတတ်ပါတယ်။

MDN
ကိုးကား AFP.
ဓာတ်ပုံ- phys.org