သြစတြေးလျနိုင်ငံတွင် ခြေစမ်းပွဲကစားရန် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း အပြီးသတ်လူရွေးချယ်

ရန်ကုန် ၂၃ ဇန်နဝါရီ


၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် သြစတြေးလျနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီ ဖြစ်သည်။


ခြေစမ်းပွဲသွားရောက်ကစားည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါက်တာအောင်ကျော်ဦး၊ နည်းစနစ် အကြံပေး- ဦးအေးမောင်ကြီး၊ နည်းပြချုပ်- ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြ- ဒေါ်နွယ်နွယ်တိုး၊ ဂိုးနည်းပြ- ဒေါ်မေခင်ယမင်း၊ ကစားသမားများအဖြစ် ဂိုးသမား- ပိုးဥ၊ စိမ်းလဲ့လဲ့ဦး၊ ခင်မြတ်နိုး၊ နောက်တန်း- နော်လာအယ်ဝါ၊ ဝင်းဝင်းလဲ့၊ ဖြူဖြူဝင်း၊ ဆောင်းနှင်းဖွေး၊ ကေကေ၊ မေသက်မွန်မြင့်၊ မေသွေးကို၊ မေသူခိုင်၊ အလယ်တန်း- သန်းသန်းစိုး၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ ဝေဖူးအိမ်၊ ဂျုလိုင်ချာ၊ ရတနာဦး၊ နှင်းပွင့်အေး၊ ဇင်မာထွေး၊ ရှေ့တန်း- မြတ်နိုးခင်၊ ဆွေမာအောင်၊ ဆုပြည့်ပြည့်ကျော်၊ ရွှေဇင်မင်းတို့ ပါဝင်ကြသည်။


မြန်မာ ယူ-၁၆ အမျိုးသမီး အသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက်အထိ သြစတြေးလျနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်ပြီး သြစတြေးလျ ယူ-၁၆ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။


မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း၏ ယင်းခရီးစဉ်မှာ ၁၀ ရက်ကြာမြင့်မည်ဖြစ်ပြီး အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။


မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး သြစတြေးလျခရီးစဉ်ပြီးဆုံးပါက ခြေစစ်ပွဲအတွက် ဆက်လက်ပြင်ဆင်မည် ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်