သြစတြေးလျနိုင်ငံ အနောက်ပိုင်း ယာဉ်တိုက်မှု ဖြစ်ပွား ၃ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

သြစတြေးလျနိုင်ငံ အနောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုကြောင့် တနင်္လာနေ့က တတိယမြောက် လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း  သိရသည်။

ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်အရ လန်စီလင်းမြို့၏မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာ အိန္ဒိယသမုဒ္ဒရာတစ်လျှောက် လမ်းမကြီးတစ်ခုတွင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ယာဉ်တစ်စင်းက ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင်လာသည့် မီနီဘတ်စ်တစ်စင်းနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်းနှင်သူမှာ မီနီဘတ်စ်ကားပေါ်မှ အခြားလူတစ်ဦးနှင့်အတူ နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာများ ရရှိခဲ့သည့် တတိယမြောက်လူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်။

ဒဏ်ရာရရှိသူများ၊ အသက်ရှင်ကျန်ရစ်သူများကို လူနာတင်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ဖြင့်  ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အပျက်အစီးကြားထဲတွင် ပိတ်မိနေသူများအား ကယ်ဆယ်ရန်အတွက် အရေးပေါ် ကယ်ဆယ်မှုအချို့ကိုလည်း ပြုလုပ်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်အတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူ သုံးဦးမှာ အခြေအနေ ဆိုးရွားဆဲဖြစ်ကြောင်း ဒေသန္တရ မီဒီယာတစ်ခုဖြစ်သည့် သြစတြေးလျနိုင်ငံပိုင် အသံလွင့်ကော်ပိုရေးရှင်းက ဖော်ပြခဲ့သည်။

သြစတြေးလျနိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အဆိုပါလမ်းမကြီးမှာ ၂၀၁၇ ခုနှစ်အတွင်း လူခြောက်ဦးမှာ ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့ရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်