သစ်ပင်သစ်တောနှင့် မိုးရေ

၁ ဇွန်

 

မုတ်သုံလေအားကောင်းနေသည်ဟု မိုးလေဝသခန့်မှန်းချက်က ဆိုသည်။ အချို့ဒေသများမှာ မိုးပြတ်တောင်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်သည်။ တချို့ဒေသမှာ မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်သည်။ အချို့ဒေသများတွင် မိုးပိုလာနိုင်သည် စသည်ဖြင့် ခန့်မှန်းဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝင်ရောက်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ်က သယ်ဆောင်လာသော မိုးရေတို့ကြောင့်လည်း နွေရာသီအပူရှိန်ကြောင့် ခြောက်သွေ့နေသော ဒေသများမှာ စိမ်းလန်းစိုပြည်လာသည်။

 

သစ်ပင်သစ်တောများနှင့် မိုးရေတို့မှာ အဆက်အစပ်ရှိသည်။ ရွာချလိုက်သော မိုးရေတို့က ရွက်အုပ်များရှိသော သစ်ပင်တို့ကြောင့် မြေပေါ်တွင် အလျင်အမြန် စီးဆင်းမသွားနိုင်ဘဲ မြေအောက်သို့ စိမ့်ဝင်သွားကာ မြေအောက်ရေကို ဖြည့်ဆည်းပေးကြသည်။ သစ်ပင်ရွက်အုပ်များက ရေစီးဆင်းမှုကို ၇ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ လျော့နည်းစေသည်ဟု သုတေသနပြုမှုများအရ သိရသည်။ ရေစီးဆင်းမှုနှုန်း လျော့ကျသွားသောအခါ မြေတိုက်စားမှုလည်း လျော့ကျသည်။ ရေကြီးရေလျှံမှုကိုလည်း လျော့ကျစေသည်။ ဆည်မြောင်းချောင်းကန်များအတွင်း နုန်းပို့ချမှုကိုလျော့ကျစေသည်။ ရွက်အုပ်သစ်တောများကို ဖြတ်သန်းစီးဆင်းလာသော မိုးရေများက တိုက်စားမှုနည်းသည်နှင့်အမျှ အမှိုက်၊ နုန်းအနည်တို့ နည်းပါးကာ သန့်ရှင်းကြည်လင်သော ရေများကိုသာ မြစ်ချောင်းများ အတွင်းစီးဆင်းစေသည်။ သို့ဖြစ်ရာ သစ်ပင်သစ်တောများက မိုးသက်မုန်တိုင်းကိုအရှိန်လျော့စေပြီး ရေတိုက်စားစီးဆင်းမှုကို ထိန်းသိမ်းထားကာ မြစ်ချောင်းများဆီသို့ အမှိုက်အနည်များ ရောက်ရှိမသွားအောင် ထိန်းသိမ်းထားနိုင်သည့် ရေစစ်များသဖွယ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

 

ရွက်အုပ်သစ်တောများဟုဆိုရာတွင် ပင်မြင့်များ၊ ယင်းအောက်မှ ပင်နိမ့်များနှင့် ချုံနွယ်များ၊ ယင်းအောက်မှမြက်များနှင့် အရွကြွေ်ကများစသည်ဖြင့် အဆင့်ဆင့်ရှိနေသော သစ်တောများကို ဆိုလိုသည်။ မိုးပေါ်မှ ရွာချလာသော မိုးရေများကို ပင်မြင့်များမှ သစ်ရွက်များက စုပ်ယူပြီး အချို့ကို အငွေ့ပျံစေသည်။ အချှို့ကမူ အောက်သို့ထပ်မံကျဆင်းသွားသည်။ ယင်းကျဆင်းသွားသော မိုးရေများက ပင်နိမ့်များနှင့် ချုံနွယ်များဆီသို့ ကျရောက်သွားပြီး ယင်းမှတစ်ဖန် အောက်ခြေရှိ မြက်ပင်များနှင့် ရွက်ကြွေများပေါ်သို့ ကျရောက်ကာ မြေအောက်သို့ စိမ့်ဝင်ရခြင်းဖြစ်သည်။ အပူပိုင်းဒေသ၏ သစ်ပင်တစ်ပင်သည် တစ်နှစ်လျှင် မိုးရေဂါလန် ၅၀ဝ မှ ၇၀ဝ အထိ ထိန်းယူနိုင်ပြီး အရွယ်ရောက်အမြဲစိမ်းသစ်ပင်တစ်ပင်သည် ပျမ်းမျှတစ်နှစ်လျှင် မိုးရေဂါလန် ၄၀ဝဝ ခန့်အထိ ထိန်းထားနိုင်သည်ဟု သုတေသနပြုမှုများအရ သိရသည်။ အရွယ်ရောက်သစ်ပင် ၂၀ ခန့်ပါဝင်သည့် သစ်တောတစ်ဧကသည် တစ်နှစ်လျှင် မိုးရေဂါလန် ၁၀ဝဝဝ ခန့်ကို စုပ်ယူ ထားနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရာ သစ်တောများကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်သည်နှင့်အမျှ နွေရာသီတွင် မြစ်ချောင်းများနှင့် မြေအောက်ရေများခန်းခြောက်ကာ ရေရှားပါးပြီး အပူလွန်မှု၊ မိုးရွာသည်နှင့် မြေပြင်ပေါ်တွင် မိုးရေကိုမထိန်းသိမ်းနိုင်ဘဲ စီးဆင်းတိုက်စားကာ ရေကြီးရေလျှံမှု၊မြေပြိုမှု၊ သီးနှံစိုက်ခင်းများနှင့်မြို့ရွာများ ရေနစ်မြုပ်မှုစသည့် သဘာဝဘေးအ္တရာယ်များကို လျော့ပါးသွားစေမည် ဖြစ်သည်။

 

အဖိုးတန် သဘာဝသယံဇာတသစ်ပင်သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ကာ အလွန်အကျွံခုတ်လှဲမှု၊ ထုတ်ယူသုံးစွဲမှုတို့မှ ကာကွယ်ခြင်း၊ သစ်ပင်သစ်တောများ ပြုစုပျိုးထောင်ကာ စိုက်ပျိုးခြင်းအားဖြင့် အနာဂတ်မျိုးဆက်များအတွက် စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်းကျင်အမွေအနှစ်ကောင်းကို ချန်ထားပေးအပ်နိုင်ပါစေကြောင်း။

 

မြန်မာ့အလင်း