သစ်ပင်သစ်တောစိုက်ပျိုးရေးတွင် အစွမ်းရှိသမျှ ပူးပေါင်းပါဝင်

ယခုရက်ပိုင်းအတွင်း မိုး/ဇလက ထုတ်ပြန်ပေးသည့် အမြင့်ဆုံးနေ့အပူချိန်များစာရင်းတွင်   မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မြို့များဖြစ်သော ချောက်နှင့်မကွေးတို့က ထိပ်ဆုံး၌ပါဝင်နေသည်။ ပြီးခဲ့သည့်ဧပြီလမှစကာ ချောက်နှင့်မကွေးအပါအဝင် မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေး၊ မုံရွာမြို့များတွင် နေ့အပူချိန်များ မြင့်တက်ခဲ့ကာ ကမ္ဘာ့အပူဆုံးမြို့များစာရင်း၌ပင် ပါဝင်ခဲ့သည်။

ဧပြီ ၂၈ ရက်က  မကွေးတိုင်းဒေသကြီး  ချောက်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်သည် လွန်ခဲ့သောနှစ်ပေါင်း ၅၆ နှစ်ကဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၇  ဒသမ    ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်ကာ အပူချိန်စံချိန်သစ်ဖြစ်ခဲ့သည်။  လူသားတို့၏ ခန္ဓာကိုယ်အပူချိန်သည် သာမန်အားဖြင့်  ၃၆  မှ  ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် (၉၆ ဒသမ ၈ မှ ၉၉ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်) အတွင်းရှိရာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) နှင့် အထက်ရှိသော  ပြင်ပအပူချိန်သည် ကျန်းမာရေးကောင်းမွန်နေ သူတစ်ဦးအတွက်ပင်လျှင် အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုသည်။ အပူရှိန်မြင့်မားသည့်ဒဏ်ကို ရက်ရှည်ကြာခံစားလာရပါက ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ အသက်အန္တရာယ်ကိုပင် ဖြစ်ပေါ်စေနိုင်သည်။

မြို့ရွာဒေသများအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး၏ အပူချိန်လျှော့ချရေးတွင် အဓိကအရေးကြီးဆုံး ပြုလုပ်ရမည့်လုပ်ငန်းမှာ သစ်ပင်များများ စိုက်ပျိုးရန်ပင်ဖြစ်ကြောင်း ပညာရှင်များက ညွှန်ပြထားကြသည်။ ရွက်အုပ်ကြီးမားသည့် သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် ရွာချလိုက်သည့် မိုးရေစီးဆင်းမှုကို ၁၁ ရာခိုင်နှုန်းအထိ လျော့ကျစေကာ မြေအောက်ရေစိမ့်ဝင်မှုကို များစေနိုင်ပြီး မြေဆီလွှာတိုက်စားမှုကို လျော့ကျစေနိုင်သည်။ အရွယ်ရောက်သစ်ပင်များ အပင် ၂၀ ခန့်ရှိနေသည့် သစ်တောတစ်ဧကသည် တစ်နှစ်လျှင် ရေဂါလန် ၁၀၀၀၀ ခန့် စုပ်ယူထိန်းသိမ်းထားနိုင်သည်။ သစ်ပင်များ၏ ပင်ငွေ့ပြန်ခြင်းဖြစ်စဉ် (Evapotran- spiration) ကြောင့် အနီးပတ်ဝန်းကျင်တွင် ရေငွေ့များပျံ့နှံ့ပြီး အပူလျော့၍ အေးမြစေသည်။ သို့ဖြစ်ရာ ဒေသတွင်း ပေါက်ရောက်နေသည့် သစ်ပင်သစ်တောများ၊ သစ်တောစိုက်ခင်းများ မပျက်စီးမပြုန်းတီးအောင် ထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်းသစ်များ တည်ထောင်ရေး၊ လောင်စာကုန်ကျမှုသက်သာသည့် စွမ်းအားမြင့် မီးဖိုများသုံးစွဲရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လည်း ပညာရှင်တို့က တိုက်တွန်းလျက် ရှိကြသည်။

ယခုအခါ မိုးကြိုကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အလျောက် မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးရန် ပြင်ဆင်မှုများပြုလုပ် နေကြပြီဖြစ်သည်။ ရာသီဥတုကောင်းမွန်လာစေရေး၊ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးတို့အတွက် ဒေသအသီးသီးတွင် နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် သစ်ပင်စိုက်ပျိုးပွဲများမှာ မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဒေသများအတွက် လွန်စွာပင်အဓိပ္ပာယ်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမြင့်ဆုံးအပူ စံချိန်တင်မြင့်တက်ခဲ့သည့် ချောက်မြို့နှင့် ရေနံချောင်းမြို့ အနီးတစ်ဝိုက်တွင် သစ်ပင်ပေါင်း ၁၀၀၀၀ ကို မိုးတွင်းကာလတွင် စိုက်ပျိုးသွားရန်အတွက် ဒေသတွင်း ပရဟိတအဖွဲ့အစည်းတစ်ခုက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနကလည်း မိုးကြိုကာလ စိုက်ပျိုးခြင်းအဖြစ် မြို့ရှောင်လမ်း အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်းစိုက်ခင်းတွင် အထူးစိမ်းအပင်ကြီး ၁၀၀၀ ကို နေ့စဉ် ရေလောင်းပြုစုပျိုးထောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သစ်ပင်သစ်အုပ်များရှိနေလျှင် မြေပြင်အပူချိန်နှင့် လေထုအပူချိန်ကို ကျဆင်းစေသည်။ အမြင့်ဆုံးအပူချိန် လွန်ကဲနေချိန် အရိပ်ရသည့်နေရာသည် အရိပ်မရသည့်နေရာထက် ၁၁ မှ ၂၅ ဒီဂရီဆဲလ်စီးယပ်စ် (၂၀ မှ ၄၅ ဒီဂရီဖာရင်ဟိုက်) ပိုအေးစေသည်ဟု ဆိုသည်။ အပူလျော့၍ အအေးလိုချင်လျှင် အရိပ်ရှိဖို့လိုသည်။ သစ်ရွက်သစ်ခက်များအုပ်မိုး၍ ဖြစ်ပေါ်လာသည့်အရိပ်က အေးမြသလို လေထု၊ မြေထုနှင့် ရေထုတို့ကိုသာမက လူသားတို့ကိုပါ အကျိုးပြုနေခြင်းဖြစ်ရာ သစ်ပင်များ ပြုစုပျိုးထောင် စိုက်ပျိုးခြင်း၊ သစ်တောများ တည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် မိမိတို့အစွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ကြရေး နှိုးဆော တိုက်တွန်းအပ်ပါကြောင်း။

မြန်မာ့အလင်း