သစ္စာအားမာန် အမျိုးသမီးအသင်း ထိပ်ဆုံးရောက်လာ

၂ ဇန်နဝါရီ

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်းတွင် ကျင်းပရာ သစ္စာအားမာန်အသင်းက ဇွဲကပင်အသင်းကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။

သစ္စာအားမာန်အသင်းသည် လက်ရှိချန်ပီယံ မြဝတီအသင်း၏ နိုင်ပွဲပျောက်ဆုံးမှုကို အခွင့်ကောင်းယူခဲ့ပြီး ဂိုးကွာခြားချက် အသာဖြင့် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။ သစ္စာအားမာန် အသင်းသည် ဂိုးပြတ်နိုင်ပွဲရရန် ပွဲစကတည်းက အားထည့်ကစားခဲ့သည်။

သို့သော် ဇွဲကပင်အသင်း၏ တုံ့ပြန်မှုကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဂိုးစပေးခဲ့ရလို ပထမပိုင်းတွင် ချေပဂိုးတစ်ဂိုးသာ ပြန်ရကာ ဒုတိယပိုင်းမှ အနိုင်ဂိုးများ ဆက်တိုက်ရခဲ့ခြင်းဖြစ်သည်။

ဇွဲကပင်အသင်းအတွက် ဦးဆောင်ဂိုးကို ၈ မိနစ်တွင် လဲ့လဲ့လှိုင်က သွင်းယူခဲ့ပြီး သစ္စာအားမာန်အတွက် ချေပဂိုးကို မိနစ် ၄၀ တွင် ခင်မိုးဝေက သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် သစ္စာအားမာန်အသင်း ကစားပုံ ပိုကောင်းလာသလို ၄၈ မိနစ်တွင် ခင်မိုးဝေက ဒုတိယဂိုး ထပ်မံသွင်းယူသည်။ ယင်းနောက်ပိုင်းတွင် သစ္စာအားမာန်အသင်းက ပွဲကိုထိန်းချုပ်သွားပြီး ၆၁၊ ၈၇၊ ၈၉ မိနစ်တွင် နော်အားလိုဝါးဖော၊ မိနစ် ၇၀ တွင် ဂျူလိုင်ကျော်၊ ၉၀+၁ မိနစ်တွင် နီလာဝင်းတို့က သွင်းယူခဲ့သည်။

ပွဲစဉ် (၅) တတိယနေ့ကို ဇန်နဝါရီ ၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး YREO နှင့် တက္ကသိုလ်အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရဲရင့်ရှိုင်း