သဘောတူညီမှုဆန္ဒနှင့်အညီ လက်တွေ့ဖော်ဆောင်

၁၃  နိုဝင်ဘာ

 

ယခု နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်၍ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးအစီအစဉ် စတင်တော့မည်ဖြစ်သည်။ အမှန်တကယ်တွင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံ သဘောတူညီချက်အရ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့သည်။ လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံ သဘောတူညီချက်အရ တိတိကျကျ ရေးဆွဲထားပြီး ထိုစဉ်ကတည်းက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံနိုင်ရန် အသင့်ဖြစ်နေခဲ့သည်။

 

နေရပ်စွန့်ခွာသွားသူများအရေးကို မြန်မာနိုင်ငံအနေဖြင့် လူမှုအသိုက်အဝန်း မခွဲခြားဘဲ လူသားချင်း စာနာထောက်ထားသောအားဖြင့် အလေးထားဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း အချိန်မရွေးလက်ခံနိုင်အောင် ဆောင်ရွက်ရန် ပြောကြားထားသည်။ နေရပ်စွန့်ခွာသွားသူများအရေးနှင့် ပတ်သက်၍ လူ့အခွင့်အရေးကို အကြောင်းပြု၍ နိုင်ငံတကာမှ ဖိအားများတိုးလာအောင် အားထုတ်သူများရှိသည်။ ယင်းကိစ္စကို မဖြစ်မြောက်စေလိုသူများလည်း ရှိသည်။ အဆင်သင့်မဖြစ်သေး၍ ပြန်မပို့သင့်ဟု ပြောဆိုသူများလည်း ရှိသည်။

 

ယင်းသို့သော အကြောင်းအမျိုးမျိုးတို့ကြောင့် နှောင့်နှေးကြန့်ကြာမှု များရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးကို အမှန်တကယ် စတင်ဆောင်ရွက်ပေးတော့မည် ဖြစ်သည်။ ပြန်လည်လက်ခံရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ခြင်းဖြစ်သည်။ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြည်နယ်လုံးအတွက် ဆောင်ရွက်နေသည်။ ကိုဖီအာနန်၏အကြံပြုချက်များကိုလည်း တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည်။

 

ပြန်လည်ဝင်ရောက်လာမည့်သူများအား နေရာချထားပေးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေးကိစ္စများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့် မိတ်ဆွေနိုင်ငံများကလည်း ဝိုင်းဝန်း ကူညီလှူဒါန်းမှုပြုကြသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း နိုင်ငံအလိုက် ပါဝင်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး စခန်းမှတစ်ဆင့် ကြားစခန်းတွင် ယာယီရှိနေစဉ်ပင် သက်ကြီးရွယ်အို၊ မမာမကျန်းသူနှင့် ကလေးသူငယ်များမှအစ ၎င်းတို့၏ လိုအပ်သည့်ကိစ္စအဝဝတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စနစ်တကျ စီမံဆောင်ရွက်ထားသည်။

 

ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် လိုအပ်မှုများအား အစစအရာရာ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးနေသလို အထူးအရေးကြီးသည့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ထားသည်။ ထို့အပြင် ယင်းဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သည့် လူမှုသဟဇာတဖြစ်ရေးကိုလည်း ရေရှည်ဆောင်ရွက်ပေးနေသည်။ ထိုသို့ အဘက်ဘက်က လိုလေသေးမရှိ စီမံဆောင်ရွက် ပေးနေမှုများမှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။ အခက်အခဲများ၊ စိန်ခေါ်မှုများစွာတို့ကြားမှ ဖန်တီးဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များမှာ ထိုဒေသရှိ လူမှုအသိုက်အဝန်းများ ပျက်စီးယိုယွင်းမှုဖြစ်စေသည်သာမက နိုင်ငံအနေဖြင့်လည်း ထိခိုက်နစ်နာမှု များစွာဖြစ်ပေါ်ခဲ့သည်ကို သတိမူပြီး ယင်းအဖြစ်မျိုး နောက်ထပ်တစ်ဖန် ထပ်မံမဖြစ်ပွားစေရန် သတိပြုနေထိုင်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားသောအားဖြင့် နေရပ်စွန့်ခွာသွားသူများ၏ လိုအပ်ချက် ကိစ္စအဝဝတို့ကို အလေးထားစီစဉ်ဆောင်ရွက် ပေးထားပြီးဖြစ်သည်။ နှစ်နိုင်ငံသဘော တူညီချက်အရ ၎င်းတို့၏ဆန္ဒနှင့်အညီ နေရပ်သို့ပြန်လာနိုင်ရေးကို စနစ်တကျ လက်ခံဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ သဟဇာတဖြစ်ရေးအတွက် ပြည်သူများနှင့်ပူးပေါင်း၍ လက်တွေ့ကျကျ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ