ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းဟာ နောက်တစ်နေ့၊ နောက်တစ်လ၊ နောက်တစ်နှစ် ဘာဖြစ်မလဲဆိုတာ သိချင်ကြတာသဘာဝပါပဲ။ အနာဂတ် ကမ္ဘာဟာ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ပါ့မလား၊ အနာဂတ်ပတ်ဝန်းကျင်မှာ ဒုက္ခအပေါင်းမှ ကင်းဝေးချင်၊ အနာဂတ် ဘာဖြစ်မလဲသိချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အနာဂတ်ဘဝကို စိုးရိမ်ပူပန်ပြီး တွေးပူလို့ဖြစ်ပါတယ်။
ရာသီဥတုတွေ ကမောက်ကမဖြစ်လို့ မုန်တိုင်းကြီးငယ်တွေနဲ့ကြုံရ၊ ရေလွှမ်းမိုးတဲ့နေရပ်မှာ နေကောင်းနေကြရနိုင်တယ်။ ကျွန်တော်တို့ ဘယ်လို နေထိုင်သင့်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတဲ့ အဖြေရှိပါပြီလား။ ရာသီဥတုကမောက်ကမဖြစ်မယ်၊ မုန်တိုင်းကြီးငယ်တွေနဲ့ ကြုံရဦးမယ်။ ပညာတတ် ရင်၊ သိပ္ပံနဲ့နည်းပညာတတ်ကျွမ်းရင် မိသားစုကို ထိန်းနိုင်လောက်ပါမယ်။
ပြဿနာများစွာရဲ့ ဇာစ်မြစ် (၁)
၁၉၀၀ ပြည့်နှစ်က လူဦးရေဟာ ၁ ဒသမ ၆ မှ သုံးဘီလီယံကြားရှိရာမှ ၂၀၀၀ ပြည့်နှစ်မှာ ခြောက် ဘီလီယံ၊ ၂၀၄၀ ပြည့်နှစ်လောက်ရောက်ရင် ကမ္ဘာ့လူဦးရေဟာ ရှစ်ဘီလီယံနီးပါး၊ ၂၀၅၀ မှာဆိုရင် ကမ္ဘာ့လူဦးရေဟာ ၉ ဒသမ ၇ မှ ၁၀ ဘီလီယံ ဝန်းကျင်အထိရှိလာမယ်လို့ ကုလသမဂ္ဂ (UN)က ခန့်မှန်းထားပါတယ်။
၁၉၀၀ ပြည့်နှစ်မှာ လူဦးရေ သုံးဘီလီယံခန့်မှာ သစ်တောဟက်တာက ခြောက်ဘီလီယံရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ လူဦးရေ ခြောက်ဘီလီယံမှာ သစ်တောဟက်တာ သုံးဘီလီယံ။ နှစ်တစ်ရာအတွင်း မှာ (၆ − ၃ = ၃) သစ်တောဟက်တာ သုံးဘီလီယံ ပျက်ပြုန်းခြင်းကြောင့် လေထုအတွင်း ပုံမှန်ရောက် လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို သစ်တောတွေက စုပ်ယူနိုင်စွမ်းကျဆင်းသွားခဲ့ပြီး ကာဗွန်ဒိုင် အောက်ဆိုက်မြင့်တက်လာပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ၄၀၁ ပီပီအမ် အထိ ကြောက်ခမန်းလိလိ မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို သိပ္ပံအခေါ်အရ မှန်လုံအိမ်အာနိသင် ဓာတ်ငွေ့ (Greenhouse gases) လို့ခေါ်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ပုံမှန်အတိုင်း (၂၈၅-၃၀၀ ပီပီအမ်)ဆိုရင် မိတ်ဆွေဓာတ်ငွေ့ဖြစ်ပါတယ်။ သစ်ပင်သစ်တောတွေ၊ လယ်ယာစပါး ကောက်ပဲ သီးနှံတွေဖြစ်ဖို့ အသက်ရှင်သန်ဖို့ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ - ၆၀ အတွင်း ကမ္ဘာကြီးပူနွေးလာပြီး ကမ္ဘာ့ဒေသအချို့မှာ စိုက်ပျိုးမြေတွေ ပပ်ကြားအက်ကွဲခြင်း၊ မြစ်ရေကြီးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း မကြာခဏတိုက်ခြင်း၊ ပင်လယ် ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ရေခဲတောင်နဲ့ ရေခဲမြစ်တွေ အရည်ပျော်ခြင်း၊ တောမီးလောင်ခြင်း၊ မြေဆီလွှာခန်းခြောက်တာတွေနဲ့ မကြုံစဖူး ဒုက္ခပင်လယ်ဝေခဲ့ကြရပါတယ်။
သစ်တောဟက်တာနည်းရခြင်းရဲ့ အကြောင်းတရားက −
- ကျေးလက်ထင်းမီးသွေးအဖြစ် အသုံးပြုခြင်း၊
- တောင်စွယ်တောင်ကုန်းတွေမှာ တောမီးရှို့ ရွှေ့ပြောင်းတောင်ယာကြောင့် သစ်တော သစ်ပင်တွေပျက်ပြုန်းခြင်း၊ ပျောက်ဆုံးခြင်း၊
- စားကျက်မြက်ခင်း ဖော်ထုတ်ခြင်း၊
- စိုက်ပျိုးရေးစီမံကိန်းတွေရဲ့ လိုအပ်ချက်အရ တောရှင်းရခြင်း၊
- တရားဝင် သစ်ခုတ်ခြင်း၊
- မြို့ပြဧရိယာတွေအတွက် သစ်တောဧရိယာတွေ လျော့နည်းလာလို့ပဲဖြစ်ပါတယ်။
သစ်ပင်စိုက်ပျိုးဖို့ ဘာကြောင့် အရေးကြီးသလဲ…
ကျွန်တော်တို့ဟာ “ဥတုရာသီ တောကိုမှီ၏” ဆိုတာနားလည်ကြတယ်။ “တောပြုန်းရင် မြေဆီ သုဉ်းတယ်” ဆိုတာလည်း သိခဲ့ကြပါတယ်။ ဘိုးဘေး ဘီဘင်လက်ထက်က “တစ်ပင်လဲ ဆယ်ပင်ထူ” ဆိုတဲ့ စကားရှိခဲ့တာမို့၊ သစ်တစ်ပင်ခုတ်ရင် ၁၀ ပင် စိုက်ကြဖို့ သိခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နှစ် သစ်ပင်ဘယ်နှပင် ဘာကြောင့်စိုက်ရသလဲဆိုတာ ဂဃနဏ မသိကြပါဘူး။
ဇာစ်မြစ် (၂)
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံတွေက ကျောက်မီးသွေး တန်တစ်ထောင်သုံးပြီး တစ်နာရီကြာ လျှပ်စစ်ထုတ်မယ်ဆိုရင် လေထုအတွင်းကို ကာဗွန်ဒိုင်အောက်ဆိုက် တန်နှစ်ထောင် ထုတ်လွှတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မွန်ရိုးကျောက်မီးသွေးစက်ရုံဟာ ယနေ့ထိလည်ပတ် နေပြီး ၂၀၄၀ ပြည့်နှစ်မှာ ရပ်ဆိုင်းအနားယူမှာဖြစ်ပါ တယ်။ လျှပ်စစ်လည်း ထုတ်ယူနေရဆဲ၊ ကာဗွန်ဓာတ်ငွေ့လည်းထွက်နေဆဲ၊ သစ်ပင်တွေလည်း စိုက်နေဆဲနိုင်ငံဖြစ်ပါတယ်။ လျှပ်စစ်နဲ့ ပစ္စည်းမျိုးစုံကို ထုတ်၊ အလုပ်လုပ်ကြပါတယ်။
တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ဟာ ကြီးမားတာကြောင့် ယန်ဇီမြစ်ကိုအခြေပြုပြီး အလွန် တရာကြီးမားတဲ့ရေကန်ကြီးသုံးခု (3 Georges Dams) တည်ဆောက်ပြီး လျှပ်စစ်ထုတ်သုံးစွဲခြင်းဟာ သူ့နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်တင်း ခြင်းပါပဲ။ တရုတ်နိုင်ငံဟာ သူ့ရဲ့ရေအားအရင်းအမြစ် ကို အခြေခံပြီး လျှပ်စစ်ထုတ်ရတာဖြစ်တယ်။ ရေအားလျှပ်စစ်ကို အားကိုးနေရမှာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်ထုတ်ရာမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပနဲ့ ဂျပန်နိုင်ငံတို့ဟာ ကျောက်မီးသွေး၊ ရေနံ၊ အဏုမြူစွမ်းအင်၊ ရေအားနဲ့ နေရောင်ခြည် လျှပ်စစ်အသုံးပြုကြတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ…
မိမိတို့နိုင်ငံအတွက် ဘယ်လိုစွမ်းအင်အရင်း အမြစ်ကိုပဲဖြစ်ဖြစ် အခြေခံပြီး လျှပ်စစ်ဓာတ်အားကို ထုတ်ယူကြရပါမယ်။ လောပိတ၊ ပေါင်းလောင်း ရေအားလျှပ်စစ်၊ ရဲရွာရေအားလျှပ်စစ်တွေရှိတာမို့ လေထုကိုပူနွေးစေမယ့် ကာဗွန်ဓာတ်ငွေ့မထုတ် လွှတ်ကြပါဘူး။ မြစ်ချောင်း၊ အင်းအိုင်တွေ၊ တောင်ကျရေ၊ မြစ်ရေတွေကို ပိတ်ဆို့တားဆီးပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင် နိုင်ငံဟာ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာလာမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း မှန်မှန်ကန်ကန် ဖြစ်လာပါမယ်။ နိုင်ငံအတွက် အခြားသောစွမ်းအင် တွေဖြစ်တဲ့ နေရောင်ခြည်နဲ့လေအားကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်း၊ မိုးများတဲ့ဒေသတွေမှာ နည်းပညာအတော်အသင့်သာလိုတဲ့ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ကိုထုတ်သင့်ပါတယ်။
တစ်နှစ်မှာ သစ်ပင်နှစ်ပင်စိုက် ကျေးဇူးဆပ်ရာရောက်
ကမ္ဘာကြီးပူနွေးခြင်း၊ ပုံမမှန်ရာသီဥတု ဖြစ်ပေါ်ခြင်း၊ ဆိုင်ကလုံးမုန်တိုင်းတွေ မကြာခဏ တိုက်ခတ်ခြင်း၊ တောမီးတွေလောင်ခြင်း ဘေးအန္တရာယ်က ကာကွယ်ရာမှာ ကမ္ဘာအရပ်ရပ် စံနှုန်းကတော့ အသက် ၁၁ နှစ်နဲ့ အသက် ၆၀ ရှိ အမျိုးသား၊ အမျိုးသမီးတိုင်းဟာ တစ်နှစ်မှာ သစ်ပင် နှစ်ပင်စိုက်ကြဖို့၊ သတ်မှတ်ချက်တွေရှိပါတယ်။ အမြော်အမြင်နဲ့ တစ်နိုင်ငံလုံး နှစ်စဉ် ဇူလိုင်လ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပမှာဖြစ်ပါတယ်။
ကိုယ့်ဒေသအတွင်းကိစ္စ၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာတွေနဲ့ တက္ကသိုလ်၊ ကျောင်းပရဝဏ်တွေ၊ လမ်းမကြီးတွေဘေးမှာ လူထုလူမှုအဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေက အိုးစည်၊ ဗုံ၊ မောင်းနဲ့ နှစ်စဉ်ပါဝင် သစ်ပင်တွေ စိုက်ပျိုးကြခြင်းအားဖြင့် အရိပ်အာဝါသရလို့ အေးမြ တဲ့အပြင် လေထုထဲလည်း အောက်ဆီဂျင်ပိုပြီး ရောက်သွားတော့ လေထုဟာ သန့်ရှင်းလာမယ်။ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေလည်း ကင်းစင်လာမယ်။ ကျွန်တော်တို့နိုင်ငံအတွက် ရာသီ ဥတုရေမြေကောင်းမွန်တဲ့ ဥပမာ ကချင်နဲ့ ရှမ်း ပြည်နယ်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ပန်းမျိုးစုံစိုက်ပျိုးပြီး ကမ္ဘာကိုပန်းတင်ပို့နိုင်ရင် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်း လျှော့ချနိုင်မယ်။ ဝင်ငွေလည်း ပုံမှန်ရနိုင်မယ်လို့ ပြောချင်ပါတယ်။
ဘွဲ့ရတစ်ဦးဟာ သူပညာသင်ခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်ကျောင်းပရဝဏ်အတွင်းမှာ သစ်ပင် ၁၀ ပင်စိုက်ခဲ့ရမယ်လို့ သတ်မှတ်ချက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၈၀ နီးပါးရှိရာ တက္ကသိုလ်၊ ကောလိပ်တစ်ခုမှာ ပျမ်းမျှဘွဲ့ရသူ အနည်းဆုံး တစ်ရာပဲရှိတယ်ဆိုပါစို့။ ထိုတက္ကသိုလ်မှာ နှစ်စဉ် သစ်ပင်တစ်ထောင်ပေါက် နေမှာဖြစ်ပါတယ်။ လက်တွေ့မှာ ဒီပမာဏထိမရှိဘူး ဆိုတာ အလွယ်တကူမြင်နိုင်ပါတယ်။ သစ်ပင်စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်ဟာ ဘယ်တုန်းကလဲ ဆိုရင် လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်က ဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးအချိန်ဟာ ယခုဖြစ်ပါတယ်။ ကမ္ဘာ့လူသားတစ်ယောက်၊ အမျိုးသား အမျိုးသမီး တိုင်းဟာ ကမ္ဘာ့စံနှုန်းဖြစ်တဲ့ “တစ်ယောက် တစ်နှစ် သစ်ပင်နှစ်ပင်” စိုက်ကြရင် လူသားတစ်ယောက်အနေနဲ့ ကမ္ဘာကြီးကို ပူနွေးမှုဒဏ်က ကာကွယ်ရာရောက်၊ စောင့်ရှောက်ရာရောက်၊ ဒီကမ္ဘာမှာနေရတဲ့ ကျေးဇူးဆပ်ရာရောက်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
မိုးလေးတဖြိုက်ဖြိုက်အောက်မှာ မေလကုန် လောက်ကစပြီး သစ်ပင်စိုက်ပျိုးပွဲပမာ တပ်မတော် (ကြည်း၊ ရေ၊ လေ)ဟာ သစ်ပင်တွေကို ကျယ်ကျယ်ပြန့်ပြန့် စတင်လှုပ်ရှား စိုက်ပျိုးဆောင်ရွက်ခဲ့တာနှစ်စဉ် ဇူလိုင်လ ၂၇ ရက်နေ့ကို တစ်နိုင်ငံလုံး သစ်ပင် စိုက်ပျိုးတဲ့ရက်လို့သတ်မှတ်ကာ အိုးစည်၊ ဗုံ၊ မောင်း နဲ့ သစ်ပင်စိုက်ပျိုးပွဲရယ်လို့ ကျင်းပခဲ့ပါတယ်။ ယခင် က ပဲခူးရိုးမ တောင်စွယ်တောင်တန်းဟာ သစ်တောသစ်ပင်တွေကြားမှာ ယမ်းငွေ့နံ့တွေနဲ့ မွန်းကျပ် နေရာက နောင် ၁၅ နှစ်၊ နှစ်နှစ်ဆယ်မှာ ပန်းပိတောက်၊ ကံ့ကော်ပန်းရနံ့တွေနဲ့ သင်းပျံ့ မွှေးကြိုင်လာမှာဖြစ်ပါတယ်။
ဇာစ်မြစ် (၃) မော်တော်ယာဉ်ကြီးငယ်တွေကြောင့်…
၂၀၁၆ ခုနှစ် အောက်တိုဘာလ စာရင်းဇယားအရ ကမ္ဘာတစ်ဝန်း လမ်းပေါ်မှာပြေးနေတဲ့ မော်တော်ကားစီးရေဟာ သန်းပေါင်း ၁၂၀၀ အထိ ကြောက်ခမန်းလိလိ များပြားခဲ့ပါတယ်။ အဓိပ္ပာယ် က လူခြောက်ဦးဟာ ကားတစ်စီးပိုင်တဲ့သဘောပါ။ အမေရိကန်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၃၀၀၊ ကားစီးရေက သန်း ၂၄၀ ဆိုပြန်တော့ အမေရိကန် ငါးဦးဟာ ကားလေးစီး ပိုင်ပါတယ်။
တရုတ်နိုင်ငံက လက်ရှိမှာ ကားစီးရေသန်း ၁၈၀၊ နောင်မှာ သန်း ၅၀၀ ထိရောက်ဖို့ မျှော်မှန်း နေပါတယ်။ ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့ဟာ လူနှစ်ဦး ကားတစ်စီးနီးပါး ပိုင်ကြပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ တစ်ဂါလန်သုံးတိုင်း လေထုထဲကို ကာဗွန်ဓာတ်ငွေ့ ၉ - ၁၀ ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ကားငယ် တစ်စီးဟာ ၇ ဒသမ ၃ လီတာ ဖြည့်ထားရင် ကီလို မီတာ ၁၀၀ အထိ မောင်းနိုင်ပါတယ်။ ဒီကားဟာ ခြောက်ကီလိုမီတာ သို့မဟုတ် ၃ ဒသမ ၇၅ မိုင် မောင်းနှင်လိုက်တာနဲ့ လေထုထဲကို ကာဗွန်ဒိုင် အောက်ဆိုက် တစ်ကီလိုဂရမ် မှုတ်ထုတ်လိုက်ပါ တယ်။ အများသုံး ဘတ်စ်ကားတစ်စီးဟာ ဥပမာ YBS ဆိုပါတော့ ၁၀ - ၁၂ ကီလိုမီတာ မောင်းလိုက်တာနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တစ်ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ဒီဘတ်စ်ကားဟာ ခရီးသည် ၄၀ ကို သယ်ယူပို့ဆောင်တာမို့ တွက်ခြေကိုက်ပါတယ်။
ရာသီဥတုမုန်တိုင်းကြီးငယ် ဖောက်ပြန်တာ တွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သိထားဖို့ အထူး သဖြင့် ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ထုတ်ရတဲ့ နိုင်ငံတွေ၊ မော်တော်ယာဉ်ကြီးငယ်တွေ အလွန်အကျွံ သုံးတဲ့နိုင်ငံတွေမှာ လောင်စာဆီသုံးကြရင် ကာဗွန် ဒိုင်အောက်ဆိုက်ထွက်တာ၊ ထုတ်လွှတ်တဲ့ကာဗွန် ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်တဲ့ သစ်တောသစ်ပင်တွေကို စိုက်ကြရမယ်ဆိုတာသိဖို့ အသေးစိတ် ရေးရခြင်းဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့်မှာပင် ကိုယ့်ခြံဝင်းအတွင်း ၁၈ ပေ - ၃ ပေ အကျယ်မှာ ပန်းပင်အလှတွေစိုက်ရင်ပဲ ကိုယ့်အိမ်ကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို သန့်စင်နိုင်ပြီလို့ ပြောနိုင်ပါတယ်။
လူနေမှုဘဝပုံစံနဲ့ အနာဂတ်ကမ္ဘာ
လူတို့ဟာ အပြောကျယ်လှတဲ့ ရုက္ခသတ္တ လောကကြီးထဲမှာ သီးခြားစီမဟုတ်၊ နက်ရှိုင်းပြီး ကွန်ရက်သဖွယ် ယှက်နွှယ်နေမှုကို လူ့ပတ်ဝန်းကျင် လို့ခေါ်တာပဲဖြစ်ပါတယ်။ ကောင်းတာမှန်သမျှ စားချင်၊ ဝတ်ချင်၊ လှချင်သူတွေ ကြီးထွားလာပါတယ်။ မြန်မြန်သွားချင်သူတွေ၊ အမြင့်မှာနေချင်သူ တွေ၊ မြို့ပြမှာနေချင်သူတွေ များသထက်များလာပါတယ်။ လေကောင်းလေသန့်၊ ရေကောင်းရေသန့် ရှိတဲ့ တောအရပ်ကိုပစ်ပယ်ပြီး ငွေရလွယ်ပေမယ့် နံစော်နေတဲ့မြို့ကို ပြောင်းလာကြပါတယ်။ လူနေမှု ဘဝပုံစံဟာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတယ်လို့ ပြောတာဖြစ်ပါတယ်။
ညနေပိုင်း အပန်းဖြေစားသောက်ဆိုင်မှာ ဘီယာတစ်ကြိုက်၊ အသားကင်တစ်ကိုက် စားသောက် လေပန်းတဲ့ ဘဝပုံစံတစ်ခုကလည်း ကာဗွန်ဒိုင်အောက်ဆိုက် ၃၀၀ ဂရမ်၊ ပုလင်းဘီယာဆိုရင် ၅၀၀ ဂရမ်၊ နိုင်ငံခြားက တင်သွင်းတဲ့ဘီယာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် ၉၀၀ ဂရမ်အထိထွက်ပါတယ်။ ဒါကြောင့် ပြည်တွင်းဘီယာဝယ်သောက်ကြ၊ ကိုယ့်အနီးအနားဒေသတွင်းက စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်သမျှ ရောင်းကြဝယ်ကြရင် သယ်ယူစရိတ် ကျဆင်း၊ လောင်စာဆီသုံးရတာနည်းလာတော့ ကာဗွန်ဒိုင်အောက်ဆိုက်အထွက်လည်းနည်းလို့ ရာသီဥတုပူနွေးမှုကို လျှော့ချရာရောက် တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဘီယာတစ်ကြိုက် သောက်ကြသူတွေလည်း တစ်နှစ်သစ်ပင်နှစ်ပင် စိုက်ရပါမယ်။
သိပ္ပံနည်းကျ တိုင်းတာချက်များအရ -
• လက်ကိုင်ဖုန်းနဲ့ တစ်နေ့ နှစ်မိနစ်ခန့် ပုံမှန် ဆက်သွယ်ပြောဆိုသုံးခဲ့ရင် တစ်နှစ်ကြာတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ဟာ ၄၇ ကီလိုဂရမ် ထုတ်လွှတ်တာနဲ့ညီမျှပါတယ်။
• ၁၀၀ ဝပ် မီးသီးကိုသုံးပြီး တစ်နှစ်တာ မီးမပိတ်မိခဲ့ရင် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ ၅၀၀ ကီလိုဂရမ် ထုတ်လွှတ်ပါလိမ့် မယ်။ မြန်မာအခေါ် အီကြာကွေးမီးလုံး သုံးခဲ့လို့ မီးမပိတ်မိခဲ့ရင်တောင် ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏ ၉၀ ကီလိုဂရမ် ထွက်ပါလိမ့်မယ်။ ဒါကြောင့် လျှပ်စစ်မီး သုံးစွဲသူမှန်သမျှဟာ (ကာဗွန်ခြေရာ carbon footprint) ကာဗွန်ဒိုင် အောက်ဆိုက်နဲ့ ကင်းလွတ်နိုင်စရာမရှိဘူး လို့ပြောတာဖြစ်ပါတယ်။
ဘယ်နိုင်ငံမဆို အရာရှိကြီး၊ လုပ်ငန်းရှင်ကြီး တစ်ဦးဟာ တစ်နေ့ ဆီနှစ်ဂါလန်၊ တစ်လ ဆီဂါလန် ၆၀ သုံးရင် အနည်းဆုံး ၇၅၀ ခရီးမိုင်ပေါက်ပါတယ်။ ကာဗွန်ဓာတ်ငွေ့တစ်တန်လည်း လေထုထဲရောက် လာပါတယ်။ တစ်နှစ်ကုန်ရင် ဒီကားပိုင်ရှင်ဟာ ခရီးမိုင် ၉၀၀၀ ပေါက်ပါတယ်။ လိုအပ်လို့ ဒီလောက် ဓာတ်ဆီလောင်စာကို သုံးရတာဖြစ်ပေမယ့် ကာဗွန်ဓာတ်ငွေ့တန်ချိန် ၁၂ တန် လေထုထဲထုတ်လွှတ် မိလျက်သားဖြစ်သွားပါတယ်။ သိပ္ပံနည်းကျ တွက်ချက်မှုအရ ၁၂ တန်သော ကာဗွန်ဓာတ်ငွေ့ကို သစ်ပင်ကသာ စုပ်ယူနိုင်တာကြောင့် ဒီလုပ်ငန်း ပိုင်ရှင် အရာရှိကြီးဟာ တစ်နှစ် သစ်ပင် ၂၅ ပင် စိုက်ရပါမယ်။ EV ကားကို အသုံးပြုရင်လည်း တစ်နှစ်မှာ သစ်ပင်နှစ်ပင်စိုက်ရပါမယ်။
ကောင်းပါပြီ..
ကမ္ဘာကြီးကို ပူနွေးစေတဲ့ အဓိကဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ကိုယ့်ကြောင့် ပိုမထွက်စေဖို့လိုအပ်ပါတယ်။ ကိုယ်တစ်ယောက်တည်းအနေနဲ့ ဘယ်လိုလျှော့ချနိုင်မလဲဆိုတာကို လည်း စဉ်းစားနိုင်မှဖြစ်ပါမယ်။ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် လူထုကိုအခြေခံရမယ်။ လူထု အတွင်းမှာရှိတဲ့ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲသူတိုင်း မှာ တာဝန်ကိုယ်စီရှိကြရာ “တစ်ယောက် တစ်နှစ် သစ်ပင်နှစ်ပင်” စိုက်ကြရင် ရွှေတိုက်ကို စိုးနိုင်မှာ ဖြစ်ပါတယ်။ ရေရှည်ဖွံ့ဖြိုးသာယာဖို့ အထိရောက် ဆုံး လှုပ်ရှားမှုကြီးဟာ သစ်ပင်စိုက်ပျိုးခြင်းဖြစ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။ ။


