ဝင်းထွဋ်ဦး

 

သွားနေကျလမ်းဖြစ်ပေမယ့် သတိမထားခဲ့တာဘဲဖြစ်ပါလိမ့်မယ်။ ရန်ကုန်ဘက်ကမ်းကို ကူးသွားတိုင်း မကြည့်ဖြစ်ခဲ့ပါ။ ဒီတစ်ကြိမ်မှာတော့ ဟိုကြည့်ဒီကြည့်နဲ့ တွေ့လိုက်ရတဲ့မြင်ကွင်းပါပဲ။ ဒလဘက်ကမ်း ဆိပ်ခံဗောတံတားအနီးအနား ရန်ကုန်မြစ်ကမ်းဘေးမှာ‌ ရေအတက်နဲ့မျောလာပြီး ရေကျမှာတင်ကျန်ရစ်ခဲ့တဲ့ အမှိုက်တွေပါပဲ။ အမှိုက်တွေမှမျိုးစုံပါ။ အဝတ်စုတ်၊ သစ်ရွက်၊ ကော်ဘူးတွေ၊ ပလတ်စတစ်အိတ်စုတ်တွေနဲ့ မြင်မကောင်းအောင် ကို ဖြစ်လို့နေပါတယ်။ ဒီအထဲမှာမှ အအေးဘူး၊ ရေသန့်ဘူးအရွယ်စုံ၊ တစ်ခါသုံး‌ကော်ဘူး (ဖော့ဘူး၊ ဖော့ခွက်)နဲ့ ပလတ်စတစ်အိတ်ခွံတွေ၊ ကြွပ်ကြွပ် အိတ်စုတ်တွေဟာ အဆိုးဆုံးဖြစ်နေတာပါ။

 

ကြွပ်ကြွပ်အိတ်ဟာ ဂျယ်လီငါးနဲ့အလွန်တူ

 

ပလတ်စတစ်အမှိုက်တွေဟာ စက္ကူ၊ သစ်ရွက် မှိုက်၊ သစ်၊ ဝါး စတဲ့ အော်ဂဲနစ်ပစ္စည်းအမှိုက်တွေလို မြေကြီးမှာ ရောနှောမြေဩဇာဖြစ်သွားတာမျိုး မရှိဘူး၊ ဆွေးမြည့်ကွယ်ပျောက်တာမျိုးလည်းမရှိဘဲ နှစ်ပေါင်းများစွာကို မပျက်မစီးတည်မြဲနေပါတယ်။ ဒါ့အပြင်  ပလတ်စတစ်တွေဟာ မြေကြီးထဲ၊ ရေထဲမှာဆိုရင်လည်း ရေထဲက  ဓာတ်တွေနဲ့ဓာတုဗေဒ တုံ့ပြန်မှုဖြစ်ပြီး  ပတ်ဝန်းကျင်ကို  ထိခိုက်စေနိုင်တဲ့ ဓာတုဒြပ်ပေါင်းတွေ အ‌တော်များများကို ထွက်ရှိလာပါတယ်။ ရေထဲကထွက်လာတဲ့ ဓာတုဓာတ်တွေကြောင့် ရေနေသတ္တဝါတွေ သေဆုံးကာ ဂေဟစနစ်ပျက်စီးထိခိုက်စေပါတယ်။ ပလတ်စတစ်အမှိုက်တွေထဲက တစ်ခုဖြစ်တဲ့ ကြွပ်ကြွပ်အိတ်ဟာ ဂျယ်လီငါးနဲ့ အလွန်တူတာကြောင့် ပင်လယ်လိပ်တွေဟာ ၎င်းတို့ရဲ့ အစာနဲ့အမှတ်မှားပြီး စားသုံးမိ ကြရင် သေဆုံးကြရပါတယ်။

အခုကမ်းတင်နေတဲ့ အမှိုက်တွေဟာ ချောင်းငယ်မြောင်းငယ်တွေကနေ မျောပါလာကာ မြစ်တွေဆီကို ရောက်တယ်။ မြစ်တွေကနေ ပင်လယ်သမုဒ္ဒရာရေပြင်အထိ ရောက်သွားမှာဖြစ်ပါတယ်။  ပင်လယ်သမုဒ္ဒရာတွေဆီကို  ဘယ်လောက် အတိုင်းအတာအထိ  ရောက်နေပြီလဲဆိုရင် မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ တန်ချိန်ကိုးသန်းကျော်လောက်ရှိတဲ့ ပလတ်စတစ်အမှိုက်ထုကြီး စီးမျောနေပြီပဲ ဖြစ်ပါတယ်။

 

ပင်လယ်မှာကျက်စားတဲ့ သတ္တဝါမျိုးစိတ်ပေါင်း ၂၅၀

 

ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံတွေအနေနဲ့ ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်အမှိုက်တွေ ရောက်ရှိသွားမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်မှာ ပင်လယ်သမုဒ္ဒရာနေသတ္တဝါ မျိုးစိတ်ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများလိမ့်မယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားပြီး ဖြစ်ပါတယ်။  ပလတ်စတစ်အမှိုက်ထုကြီး တန်ချိန်သန်းနဲ့ချီပြီး ရေပြင်ထဲရောက်နေတာဟာ ပင်လယ်ငှက်တွေ အပြင် ငါး၊ လိပ်တို့လို  ပင်လယ်မှာကျက်စားတဲ့ သတ္တဝါမျိုးစိတ်ပေါင်း ၂၅၀ လောက်ကိုပါ ထိခိုက် စေပါတယ်။ ပိုဆိုးတာက သန္တာကျောက်တန်းတွေကိုပါ ပျက်စီးစေပါတယ်။

ဒါဟာ ချောင်း၊  မြောင်း၊  မြစ်နဲ့ ပင်လယ်ရေပြင်တွေမှာ ပလတ်စတစ်အမှိုက် စည်းကမ်းမဲ့စွာ  မဆင်မခြင်စွန့်ပစ်တာကြောင့် ဖြစ်ပါတယ်။ ရေပြင်မှာ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်ရဲ့ အန္တရာယ်က ကြီးမားကျယ်ပြန့် တိုးပွားနေသလို မြေပြင်မှာစွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်တွေရဲ့ အန္တရာယ်ကလည်း လျှော့တွက်ထားလို့မရတဲ့ အနေအထားကိုရောက်နေပါပြီ။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတိုးပွားလာပါတယ်။ လူသားတွေရဲ့ ပလတ်စတစ်အမှိုက်တွေ စည်းကမ်းမဲ့စွာ  မဆင်မခြင်စွန့်ပစ်တာတွေကလည်း  သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် တဖြည်းဖြည်းယိုယွင်း ပျက်စီးစေတဲ့ အ‌ကြောင်းရင်းတွေအထဲက တစ်ခုပါပဲ။

 

နှစ်ပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့်ကြာမှ

 

ပလတ်စတစ်အမှိုက်တွေဟာ မြေကြီးထဲမှာ နှစ်ပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့်ကြာမှသာ ပျက်စီးနိုင်တဲ့အတွက်  စိုက်ပျိုးရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြေကြီးထဲကို ရောက်သွားတဲ့ ကြွပ်ကြွပ်အိတ်တွေကြောင့် မြေဆီလွှာအတွင်းရှိ အပင်မျိုးစေ့၊ သစ်စေ့များမှာ အညှောက်မထွက်နိုင်တော့ဘဲ သေကျေပျက်စီးကြပါတယ်။ မီးရှို့ဖျက်ဆီးမယ်ဆိုရင်လည်း ထွက်ရှိလာတဲ့ အီသိုင်းလင်းအောက်ဆိုက်နဲ့ ဒိုင်အောက်စင်တွေက လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေတယ်။ အဲဒီအငွေ့တွေကို ရှူရှိုက်မိရင် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တယ်။

ရေပြင်နဲ့  မြေပြင်မှာ ဘယ်‌နေရာမှာပဲ စွန့်ပစ် စွန့်ပစ် ပလတ်စတစ်အမှိုက်တွေရဲ့ အန္တရာယ်က အလေးထား သတိပြုရတော့မှာဖြစ်ပါတယ်။ ပလတ်စတစ်အမှိုက်တွေကို မြေနိမ့်ပိုင်းဖြစ်တဲ့ တွင်း၊ ချိုင့်အတွင်း ဖို့မြေအဖြစ် စုပုံတာ၊ မီးရှို့စက်နဲ့ မီးရှို့တာ စတဲ့စည်းကမ်းတကျ  စွန့်ပစ်တဲ့နည်းလမ်း အသုံးပြုဖို့ လိုအပ်တဲ့အပြင် ပလတ်စတစ်တွေကို လျှော့သုံးဖို့၊ ပြန်သုံးဖို့ လိုအပ်နေပါပြီ။ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ပလတ်စတစ်အိတ်၊ တချို့က ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို တားမြစ်ထားကြပါတယ်။ ကုန်တိုက်ကြီးတွေမှာ ကြွပ်ကြွပ်အိတ် အခမဲ့ပေးတာ ကိုတားမြစ်ကာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျှော့ချ‌နေကြပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ပလတ်စတစ် အမှိုက်နဲ့ပတ်သက်ပြီး  အဖြေရှာသင့်ပါပြီ။ ပလတ်စတစ်အမှိုက် အန္တရာယ်ဟာ တစ်နှစ်ထက်တစ်နှစ် သက်ရောက်မှုတွေ ပိုများလာနေပြီဖြစ်ပါတယ်။  ပလတ်စတစ်အမှိုက် ဖြစ်လာမယ့် ပလတ်စတစ် ထုတ်ကုန်‌တွေထုတ်လုပ်မှုကို ထိန်းချုပ်တာ၊ သုံးစွဲမှုတားမြစ်တာ၊ လျှော့ချ‌တာ၊ ပလတ်စတစ်အိတ် (ကြွပ်ကြွပ်အိတ်တွေ)ကို အသုံးပြုဖို့မလိုအပ်ရင် သုံးစွဲမှုကို ငြင်းပယ်ပြီး မဖြစ်မနေ သုံးရရင်လည်း စနစ်တကျစွန့်ပစ်ဖို့၊ စည်းကမ်းမဲ့စွာ မဆင်မခြင်စွန့်ပစ်တာမျိုး မလုပ်ကြဖို့ ပြည်သူအများကို အသိ ပညာပေးကြရတော့မှာပါ။ ကလေးကစလို့ လူကြီးတွေအထိပါ အသိပညာပေး ဟောပြောစည်းရုံး ကြရပါမယ်။ ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုဖြစ်လာနိုင်တယ့် အကြောင်းအရာတွေကို သိသာအောင် ရှင်းပြပေးဖို့ လိုလာပါပြီ။

 

တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်းပြီး အသိပညာပေး ပြောဆိုရှင်းပြ

 

မသိနားမလည်မှုတွေက  အန္တရာယ်ကို လက်ကမ်းခေါ်နေတာမို့ ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် ကြိုးစားပေးကြရပါမယ်။ ပလတ်စတစ် အန္တရာယ်အကြောင်းကို တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်းပြီး အသိပညာပေးပြောဆို ရှင်းပြပေးကြရပါမယ်။ တစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ခုဆီကနေ နောက်ဆုံး ပြည်သူအားလုံး ပလတ်စတစ်အန္တရာယ်တွေအကြောင်းကို  သိရှိနားလည်ပြီး ပလတ်စတစ်ကုန်ပစ္စည်းတွေကို  စည်းကမ်းတကျ အသုံးပြုကြမယ်၊ အသုံးပြုပြီး စွန့်ပစ်တဲ့အခါမှာလည်း စနစ်တကျလုပ်ဆောင်ကြမယ်ဆိုရင် ပလတ် စတစ်ညစ်ညမ်းမှုတွေ ကျွန်‌တော်တို့နေထိုင်တဲ့ကမ္ဘာ ရဲ့ မြေထု၊ ရေထုမှာ လျော့နည်းသွားပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အခုအချိန်ကစပြီး ပလတ်စတစ်အန္တရာယ်ကို ကာကွယ်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို  ထိန်းသိမ်းကာကွယ်ကြရပါမယ်။ သက်ရှိတွေရဲ့ ဂေဟစနစ်နဲ့ လူတို့ရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ကြရပါမယ်။ အဲဒါကြောင့် ကျွန်တော်တို့အားလုံး မိမိရပ်ရွာ၊ မြို့၊ တိုင်းပြည်နဲ့ ကမ္ဘာကြီးမှာ  သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို  တစ်ထောင့်တစ်နေရာက  ထိန်းသိမ်းကာကွယ်ဖို့နဲ့  သက်ရှိတွေရဲ့ ဂေဟစနစ်နဲ့ လူတို့ရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပလတ်စတစ် အမှိုက်တွေကို စနစ်တကျ စည်းကမ်းရှိစွာ စွန့်ပစ်ကြရင်း “ပလတ်စတစ်အမှိုက်အန္တရာယ် ဝိုင်းဝန်းကာကွယ်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။