သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့၊ အရည်အသွေးမမီတဲ့ စက်ပစ္စည်းအဟောင်းတွေကို စီးပွား/ကူးသန်း ဝန်ကြီးဌာနက လိုင်စင်ခွင့်ပြုပေးခြင်း မရှိပါဘူး (အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်)

မင်းမင်းဇော်(ကလေး)
ဓာတ်ပုံ- ကိုသစ္စာ

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။

 

 

ဦးတိုးအောင်မြင့်၊ အမြဲတမ်းအတွင်းဝန် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

အိုဇုန်းလွှာ ထိန်းသိမ်းတာနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းအောင် ဆောင်ရွက်ရမယ်၊ ဇိမ်ခံပစ္စည်းတွေကြောင့် ဆိုတာတွေမှာ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော အဲယားကွန်းတွေမှာသုံးတဲ့ GAS အမျိုးအစားတွေပါ။ နောက်ပိုင်း ကမ္ဘာမှာ ကန့်သတ်လာတဲ့ GAS တွေရှိပါတယ်။ ဥပမာအားဖြင့် R - 22 ဆိုတဲ့ GAS အမျိုးအစားပါ။ အဲဒီလို GAS နဲ့ပတ်သက်လို့ တင်သွင်းတဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ကန့်သတ်ဖို့ဆိုတဲ့ အစီအစဉ်တွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားပါတယ်။ စီးပွား/ကူးသန်း ဝန်ကြီးဌာနအနေနဲ့ တင်သွင်းတဲ့နေရာမှာ ကန့်သတ်တဲ့ပစ္စည်းတွေနဲ့ စည်းမျဉ်းစည်းကမ်းအရ ထိန်းချုပ်ရမယ့် ပစ္စည်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ထောက်ခံချက်နဲ့ တင်သွင်းခွင့်ပြုပါတယ်။ အထူးသဖြင့် အဲယားကွန်းတွေ သွင်းတဲ့အခါမှာ R-22 ဆိုတဲ့ GAS အမျိုးအစား သုံးစွဲတာနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ ဘယ်လိုပစ္စည်းမျိုးကို သုံးတယ်ဆိုတဲ့ ထောက်ခံချက်ရယူပြီး ခွင့်ပြုတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်ဦးစီးဌာနက ခွင့်ပြုတဲ့အမျိုးအစား ထောက်ခံချက်ပါတဲ့ ပစ္စည်းတွေကို ခွင့်ပြုဖို့ဆိုတာ ဆွေးနွေးပါတယ်။ 

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းတွေ၊ ပစ္စည်းတွေနဲ့ ပတ်သက်လို့  တင်သွင်းတဲ့နေရာမှာ အထူးဂရုစိုက်ရပါတယ်။ တစ်နှစ်တစ်ကြိမ် အသုံးပြုပြီးသား စက်ပစ္စည်းတွေကို တင်သွင်းခွင့်ပြုတာရှိပါတယ်။ အဲဒီလို တင်သွင်းခွင့်ပြုတဲ့နေရာမှာ စက်ပစ္စည်းတွေရဲ့ သက်တမ်းကန့်သတ်ချက်တွေ ရှိပါတယ်။ အရည်အသွေး သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်တဲ့ ဦးစီးဌာနအဆင့်ဆင့်ရဲ့ ထောက်ခံချက်တွေလည်း ရှိရပါမယ်။ အဲဒီလို ထောက်ခံချက်တွေနဲ့ ပြည့်စုံပြီး စက်စွမ်းရည်တွေကလည်း မူလစက်စွမ်းရည်ရဲ့ ၈၀ ရာခိုင်နှုန်းအောက် မနည်းရပါဘူး။ နည်းပညာအရ ပြောမယ်ဆိုရင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာသုံးနေတဲ့ နည်းပညာနဲ့ သုံးစွဲထားတဲ့ပစ္စည်းတွေကိုပဲ ခွင့်ပြုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့၊ အရည်အသွေးမမီတဲ့ စက်ပစ္စည်းအဟောင်းတွေကို စီးပွား/ကူးသန်း ဝန်ကြီးဌာနက လိုင်စင်ခွင့်ပြုပေးခြင်း မရှိပါဘူး။ 

 

 

ဦးကျော်လွင်၊ ပြည်နယ်ဝန်ကြီး (ရခိုင်ပြည်နယ်အစိုးရအဖွဲ့)

ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာလုပ်နေတဲ့ ကိစ္စတွေကို ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄)ခုအတွက် ဗဟိုကော်မတီ ဆုံးဖြတ်ချက်တွေရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေ အားလုံးကို ရခိုင်ပြည်နယ် ကြီးကြပ်မှုကော်မတီကို တင်ပြပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ထပ်မံတင်ပြပြီး  သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ဒီရေတော ပေါများတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီရေတော စိုက်ခင်းတွေကို စိုက်ပျိုးနေပါတယ်။ ကျေးရွာထင်းစိုက်ခင်းတွေနဲ့ သစ်တောဌာန စိုက်ခင်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဒီနေ့ ကျွန်တော် အဓိကတင်ပြတာကတော့ ရခိုင်ဒေသမှာရှိတဲ့ သစ်တောတွေနဲ့ ပတ်သက်ပြီး တင်ပြခြင်းဖြစ်ပါတယ်။ သစ်တောတွေက တော်တော်လေးကို ပြုန်းတီးနေပါပြီ။ ရခိုင်ရိုးမဆိုရင် သစ်တောတွေ သိပ်မရှိတော့ပါဘူး။ ရခိုင်ဒေသမှာ သစ်တွေထုတ်မယ်ဆိုရင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားကို တောင်းဖို့တင်ပြပါတယ်။ နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိဖို့ ထုတ်ယူမယ်ဆိုရင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့ အမြဲတမ်းခွင့်ပြု ဆောင်ရွက်နေပါတယ်။ 

ရခိုင်ပြည်နယ်အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဟိုတယ်လုပ်ငန်းတွေ၊ အုတ်ဖုတ်၊ ကျောက်ထုတ်တဲ့ လုပ်ငန်းတွေ စသည်ဖြင့် အကုန်လုံးကို ပြည်ထောင်စု မူဝါဒနဲ့အညီ ပူးပေါင်းဆောင်ရွက်နေပါတယ်။ 

ရခိုင်ပြည်နယ်ဟာ ကျန်တဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် သဘာဝဘေးဒဏ်ကို တော်တော်လေး ခံရတဲ့ဒေသဖြစ်ပါတယ်။ ဒီလိုဘေးဒဏ်တွေကို ဘယ်လိုကာကွယ်မလဲ။ အကောင်းဆုံး ကာကွယ်နိုင်အောင် ကျွန်တော်တို့ အစိုုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေသလို ရခိုင်ဒေသမှာရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနနဲ့ သစ်တောဌာနတွေ ပူးပေါင်းပြီးတော့လည်း ဒါတွေကို ကာကွယ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့၊ ရေရှည်စဉ်ဆက်မပြတ် အကျိုးရှိစေဖို့အတွက် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေကိုလည်း ရခိုင်အစိုးရအဖွဲ့နဲ့အတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။