သဘာဝကျကျနဲ့ ပရိသတ် သဘောကျစေမယ့် သိုက်ကလာတယ်စကားမပြောဘူး ဇာတ်ကား ယခုတစ်ပတ်ရုံတင်မည်

ဒီတစ်ပတ်အသစ်တင်မယ့် ဟာသဇာတ်ကားသစ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။  အခုတလော ဟာသဇာတ် ကားတွေ များနေပေမယ့် သူ့ဇာတ်အိမ်နဲ့သူ ပရိသတ်ကို ရသတစ်မျိုးစီတော့ ပေးနေကြတာပါပဲ။ ခု လာမယ့် ဇာတ်ကားလေးကလည်း  တောဓလေ့သဘာဝကို အခြေခံပြီး ရယ်ရယ်မောမောနဲ့သဘာဝကျကျ ဇာတ်ဝင်ခန်း လေးတွေနဲ့ ပရိသတ်ကို ခံစားမှုတစ်မျိုး ပေးစွမ်းနိုင်မှာပါ။

‘’သိုက်ကလာတယ် စကားမပြောဘူး’’ ဆိုတဲ့ မြန်မာဟာသဇာတ်ကားလေးကို ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေး ကနေ  ထုတ်လုပ်ပြီး နန္ဒာစိုး(ဆင်ဖြူကျွန်း)ရဲ့ ဝတ္ထုကို ဒါရိုက်တာ အကယ်ဒမီကိုဇော် (အရုဏ်ဦး)က ရိုက်ကူး ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်ပြီး ရွာမျက်နှာဖုံးသူဌေးသမီးကိုမှ ချစ်ကြိုက်မိသူ ပေါကြည်အဖြစ် သရုပ်ဆောင် နေမင်း၊ အပျော့ဆွဲလေးနဲ့ နွဲ့ဆိုးဆိုးတတ်တဲ့ ဇနီးဖြစ်သူကို ကြောက်ရတဲ့ စကားကြွယ်သူ အောင်စိန်အဖြစ် ကျော်ရဲအောင်၊ အာကြမ်းကြမ်း မိန်းမရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ ဘောလုံးဝါသနားအိုး သာမောင်အဖြစ် ခင်လှိုင်၊ ချွဲနွဲ့ပြီး ယောကျာ်းဖြစ်သူ (ကျော်ရဲအောင်)ကို နွဲ့ဆိုးဆိုးတတ်တဲ့ လုံးခင်အဖြစ် ခိုင်သင်းကြည်၊ အရပ်ပုသလောက် ယောကျာ်း(ခင်လှိုင်)ဖြစ်သူကို နိုင်တဲ့ လုံးတင်အဖြစ် တက္ကသိုလ်ဂွမ်းပုံ၊  ပေါကြည်(နေမင်း)ရဲ့ ချစ်သူ နှင်းဖြူအဖြစ် ချစ်သုဝေတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ချစ်သူနဲ့ နီးစပ်အောင် ကြံစည်ရင်း မိန်းမကြောက်တဲ့ သူငယ်ချင်းမယားညီအစ်ကိုရဲ့ ပူးပေါင်းကြံစည်မှုကြောင့် ပေါကြည်(နေမင်း)တစ်ယောက် စကားမပြောတဲ့ သိုက်ဆက်ဘိုးတော်လေးဘဝရောက်ခဲ့ပြီး တစ်ရွာလုံးဗြောင်း ဆန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိန်းမကြောက်တဲ့သူငယ်ချင်း အောင်စိန်နဲ့ သာမောင်(ကျော်ရဲအောင်နဲ့ ခင်လှိုင်)တို့ မိန်းမတွေ နိုင်သွားကြလား။ သိုက်ဆက်ဘိုးတော်လေးနဲ့ ချစ်သူ နှင်းဖြူတို့ ဘယ်လိုစခန်းဆက် သွားကြမလဲဆိုတာ ရယ်မောပျော်ရွှင်ဖွယ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

သိုက်ကလာတယ် စကားမပြောဘူးရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် သြဂုတ် ၂၅ ရက်(သောကြာနေ့)မှာ မြန်မာ တစ်နိုင်ငံလုံးက အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ပြသသွားမှာဖြစ်ပါတယ်။ ရုံပြိုင်စနစ်နဲ့ ပြသနေတဲ့ ရန်ကုန်မြို့မှာတော့ သိုက်ကလာတယ်စကားမပြောဘူးဇာတ်ကားအပြင် ပြီးခဲ့တဲ့အပတ်ကမှ စတင်ရုံတင်ခဲ့တဲ့ ပွဲခံမယ်ဇာတ်ကားကြီး၊ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ ရာဇဝင်ရိုင်းသူများဇာတ်ကားနဲ့ သရုပ်ဆောင် မြင့်မြတ်နဲ့ ဖွေးဖွေးတို့ရဲ့ ဘုန်းကညာနှစ်ပါးဇာတ်ကားတို့ကိုပါ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပါကြောင်း ရုပ်ရှင်သတင်းကောင်း ပါးလိုက်ရပါတယ်။

ဖြိုးစန္ဒာ(MDN)