သဘာဝဘေးနှင့် ပြည်သူလူထုကျန်းမာရေး

၁၈ မတ်

 

သဘာဝဘေးအန္တရာယ်သည် ရာသီကာလအပေါ် မူတည်၍ အချိန်အခါမရွေး အမျိုးမျိုး အဖုံဖုံ ဖြစ်ပေါ်တတ်သည်။ ရေဘေး၊ လေဘေး၊ မီးဘေး၊ငလျင်ဘေး စသည်ဖြင့် တစ်မျိုးမဟုတ်တစ်မျိုးရှိတတ်ရာ ၎င်းတို့ဖြစ်ပေါ်ခဲ့ပါက ပြည်သူလူထု ကြုံတွေ့ခံစားရနိုင်သည့် ပြဿနာတို့ကို ကြိုတင်မြော်တွေး၍ အရေးပေါ် စီမံဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်တို့မှာ မိုးသက်မုန်တိုင်း ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်နေသည့် မိုးလေအန္တရာယ်တို့နှင့် ပြီးခဲ့သည့်ကာလမှ ယနေ့အထိ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးအန္တရာယ်တို့ဖြစ်ပြီး ယင်းတို့မှာ ပြည်သူလူထုအတွက် သတိပြုရမည့် အခြေအနေများ ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ဟူသည်မှာ မမျှော်မှန်းနိုင်သည့် မလွန်ဆန်နိုင်သော သဘောတရားဖြစ်ပြီး ဖြစ်ပေါ်လာလျှင် အသက်စည်းစိမ်ဥစ္စာနှင့် ပြည်သူလူထု ကျန်းမာရေးကို ထိခိုက်မှု အနည်းအများဆိုသလို ဖြစ်တတ်ပါသည်။

 

ထို့ကြောင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းကော်မတီက ငလျင်ဘေးအန္တရာယ်အပေါ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းစည်းဝေးမှုကို မတ်လ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ငလျင်လှုပ်မှုကြောင့် ပြည်သူလူထု စိုးရိမ်ကြောင့်ကြမှု မဖြစ်စေရေး၊ ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ကျန်းမာရေး လုပ်ငန်းဆောင်တာများ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး၊ ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှု၊ တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင် တည်ဆောက်မှုလုပ်ငန်းများတွင် ဆက်စပ်နှီးနွှယ်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ ငလျင်နှင့်ပတ်သက်၍ လူသိများထင်ရှားသော စစ်ကိုင်းငလျင်ပြတ်ရွေ့သည် လူဦးရေထူထပ်ပြီး လူနေအဆောက်အအုံများစွာရှိသော ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း စသည့် မြို့ကြီးများအောက်တွင် တည်ရှိသည်။ ထို့ကြောင့် ငလျင်ဘေးအန္တရာယ်မဖြစ်မီ အဆိုပါ မြို့ကြီးများနှင့် မြို့နေပြည်သူလူထု ဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် ယခုကဲ့သို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ကြိုဆိုရမည်ဖြစ်ပြီး သက်ဆိုင်သည့်ဘက်မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

အဆိုပါ မြို့ကြီးများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးအဖွဲ့များနှင့် လျင်မြန်တုံ့ပြန် ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများ ဖွဲ့စည်း၍ အသင့်အနေအထား ပြင်ဆင်ထားရှိရန်၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် အရင်းအမြစ်များကို မျှဝေအသုံးပြုရန်၊ အရေးပေါ် လူနာများ လွှဲပြောင်းပို့ဆောင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ ပူးပေါင်း၍ “လူနာတင်ယာဉ်ကွန်ရက်” တစ်ခု ထူထောင်သွားရန်၊ “ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့” တစ်ခုကို ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းရန်နှင့် နေပြည်တော် ခုတင် ၁၀ဝဝ ဆေးရုံကြီးတွင် လိုအပ်ချက်များဖြည့်ဆည်း၍ ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ရန်ကိစ္စများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

ထိုကဲ့သို့ သဘာဝဘေး အရေးပေါ်ကိစ္စများအား တုံ့ပြန်ဆောင်ရွက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းသည် ပြည်သူလူထု အကျိုးစီးပွားကို ဦးစားပေး အလေးထားခြင်းဖြစ်သလို မွန်မြတ်သော လူမှုပရဟိတလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ရာလည်း ရောက်ပါသည်။ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်သာမက အခြားသော အရေးပေါ် အခြေအနေများနှင့် ကြုံကြိုက်လာသော အခါတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေသော ပြည်သူလူထုမှ ၂၄ နာရီ ဆက်သွယ်နိုင်ရန် အရေးပေါ် တယ်လီဖုန်းနံပါတ်တစ်ခုကို ထားရှိပေးခြင်းမှာ ကောင်းမွန်ပေသည်။

 

သို့ဖြစ်ရာ ဤသို့ဆောင်ရွက်ပေးမှုများသည် ငွေကြေးကြွယ်ဝခြင်းကြောင့် မဟုတ်သော်လည်း မေတ္တာ၊ ကရုဏာအရင်းခံသော မွန်မြတ်သော စေတနာဖြင့် ပြည်သူလူထု ဘေးဒုက္ခကျရောက်ချိန်တွင် အလျင်အမြန် ကယ်တင်ကူညီ စောင့်ရှောက်နိုင်ခြင်းပင် ဖြစ်ပါကြောင်း။      ။
(ကြေးမုံ)