သဘာဝဘေးလျော့ပါးရေး ဝိုင်းဝန်းအဖြေရှာ

၁၁  စက်တင်ဘာ

 

မြန်မာနိုင်ငံတွင် ယခုနှစ်မိုးရာသီ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု သဘာဝဘေးဖြစ်စဉ်များ မြန်မာနိုင်ငံ တစ်ဝန်းတွင် ယခင်နှစ်များနှင့်မတူ ထူးကဲစွာဖြစ်ပွားခဲ့သည်ဟု ပြောရမည်ဖြစ်သည်။ ယခုအခါ မုတ်သုံရာသီမှာ တစ်စတစ်စ ဆုတ်ခွာစပြုပြီး မိုးရွာသွန်းမှုမှာလည်း လျော့နည်းပြီဖြစ်၍ ယခုနှစ်ရေကြီးရေလျှံမှုဖြစ်စဉ်များကို သင်ခန်းစာ ယူကာ နောင်လာမည့် မိုးရာသီကာလတွင် ရေကြီးရေလျှံမှု လျော့နည်းကျဆင်းရေးအတွက် ဝိုင်းဝန်းအဖြေရှာ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ရေနှင့်ပတ်သက်သော အကြောင်းကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ကိုဖွဲ့စည်းထားသည်။ ကော်မတီသည် ရေအရင်းအမြစ် စီမံခန့်ခွဲမှု အပါအဝင် ရေကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထိုကော်မတီ၏လုပ်ငန်းများမှာ ကျယ်ပြန့်လှပြီး အများပြည်သူ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ ပါဝင်သဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

လုပ်ငန်းများတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ရေကြီးရေလျှံမှုနှင့် ရေရှားပါးမှု ကာကွယ်ရေး၊ ကမ်းပြိုကမ်းစားမှု လျော့နည်းသက်သာရေး၊ ရေကြောင်းသွားလာမှု လုံခြုံချောမွေ့စေရေး၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ရေဆိုးစွန့်ပစ်မှုနှင့် ရေအရည်အသွေး ထိန်းချုပ်မှုစသည့် ရေဆိုင်ရာလုပ်ငန်းများ ပါဝင်သည်။ ယင်းလုပ်ငန်းများတွင် လတ်တလော ပြည်သူများ ကြုံတွေ့ခံစားခဲ့ရသည့် ရေကြီးရေလျှံမှုပြဿနာကို ပိုမိုဦးစားပေး ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီးစဉ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားရာ ဒေသများသို့ ရောက်ရှိခဲ့စဉ် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးရေရှည်ဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသည့် ရေကြီးရေလျှံမှု လျော့နည်းသက်သာရေးနှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များအား မှာကြားခဲ့သည်တို့ကို အလေးထားမှတ်သား လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများကို ဖော်ထုတ်ဖြေရှင်းရန် လိုအပ်ပြီး မြစ်ကြောင်းတိမ်ကောမှုများကြောင့် ရေလျှံရသည်ဆိုလျှင်လည်း မြစ်ကြောင်းတူးဖော်ပြုပြင် ထိန်းသိမ်းခြင်း များကို အလေးထားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ မြို့များတွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေမြောင်းများပိတ်ဆို့မှု မဖြစ်စေရန်နှင့် ပြည်သူများစနစ်တကျ အမှိုက်စွန့်ပစ်ရေးအတွက်လည်း စည်းကမ်းချမှတ် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

 

ရေကြီးရေလျှံမှုဖြစ်ပွားသည့် အကြောင်းရင်းများတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းသည် အဓိကကျသည့် အကြောင်းအချက် ဖြစ်သည်။ မြစ်ကြောင်းများ တိမ်ကောလာသောအခါ ရေစီးကြောင်းမမှန်၊ ဖြောင့်မှန်စွာမစီးဆင်းဘဲ ရေကြီးရေလျှံဖြစ်ရသည်။ မိုးရေနှင့် မြေဆီလွှာကို ထိန်းသိမ်းနိုင်သော သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းသောအခါ မိုးရေများသည် မြေဆီလွှာများကိုတိုက်စားပြီး မြစ်ကြောင်းတွင်ပို့ချရာမှ မြစ်ကြောင်းများတိမ်ကောကာ ရေကြီးရေလျှံမှု ဖြစ်ပွားရသည်။ ရေကြီးရေလျှံမှု လျော့ပါးသက်သာရေးအတွက် မြစ်ကြောင်းများ၊ ရေစီးမြောင်းများ တူးဖော်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအပြင် မြစ်ကြောင်းမြောင်းများ ပျက်စီးစေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူတို့ လိုက်နာဆောင်ရွက်ရေး လုပ်ငန်းများကိုပါ ရေရှည်အစီအမံများဖြင့် မျှော်မှန်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ရေကြီးရေလျှံမှု သဘာဝဘေးများ လျော့ပါးသက်သာရေးအတွက် မြစ်ကြောင်းများ၊ ရေမြောင်းများ မတိမ်ကောရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေးတို့ကို အမျိုးသားအဆင့်ဖြင့် ရေရှည်ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအကြား ပေါင်းစပ်ညှိနှိုင်းအဖြေရှာ၍ တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ