သဘာဝဘေးကို အစဉ်အမြဲသတိပြု

နေပြည်တော် ၆ မတ်

ယခုနှစ်နွေရာသီကာလတွင် ဖြစ်ပေါ်နေကြ မီးလောင်မှုများမှာ နိုင်ငံတစ်ဝန်းတွင် ခပ်စိပ်စိပ်ဖြစ်ပွားလာသည်ကို တွေ့ရသည်။ ယမန်နေ့က စစ်ကိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မိုင်းတုံမြို့နယ်၊ နတ္တလင်းမြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် ရေစကြိုမြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ခြင်း အကြောင်းရင်းမှာ လျှပ်စစ်မီး၊ မီးဖို၊ မီးကြွင်းမီးကျန်နှင့် ပေါ့ဆမှုတို့ကြောင့် ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

 

ထိုနေ့မီးလောင်မှုများတွင် မီးလောင်မှုအများစုကို အချိန်မီငြှိမ်းသတ်နိုင်ခဲ့သော်လည်း ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကိုမူ အချိန်မီငြှိမ်းသတ်ခြင်းမပြုနိုင်သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့သည်ကို စိတ်မချမ်းမြေ့ဖွယ်ကြားသိရသည်။ အဆိုပါရွာရှိ နေအိမ်တစ်အိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးစတင်လောင်စဉ် လေတိုက်နှုန်းမြင့်မားခြင်း၊ လူနေအိမ်များ စိပ်ခြင်း၊ မီးငြှိမ်းသတ်ပေးမည့် ရေစကြိုမြို့ မီးသတ်စခန်းနှင့် မိုင် ၂၀ ခန့်ကွာဝေးခြင်းတို့ကြောင့် မီးကိုအချိန်မီ ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ နေအိမ်အမြောက်အမြား မီးလောင်ကျွမ်းသွားခြင်းဖြစ်သည်။

 

လက်ရှိအချိန် နွေရာသီကာလမှာ ပူပြင်းခြောက်သွေ့လျက်ရှိပြီး လေတိုက်နှုန်းမှာလည်း မြင့်မားသော အချိန်ကာလဖြစ်၍ လူနေအိမ်စိပ်သည့် ကျေးလက်တောရွာများတွင် မီးလောင်မှုဖြစ်ပွားသောအခါ မီးကိုအချိန်မီ ထိန်းသိမ်းနိုင်စွမ်းမရှိချေ။ မျက်မှောက်အချိန်ကာလတွင် စိုက်ရေးပျိုးရေးပြီးဆုံးပြီးနောက် ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီး မိမိတို့ကျေးရွာများတွင် သိမ်းဆည်းထားသော ကာလဖြစ်သည်။ ထို့အပြင်ကျောင်းသားလူငယ်များ စာမေးပွဲဖြေဆိုမည့် ကာလလည်းဖြစ်၍ မီးလောင်မှု မဖြစ်ပွားစေရေး အထူးဂရုစိုက်ရမည့် အချိန်ဖြစ်သည်။ ကျေးလက်တွင်သာမက မြို့ပြဒေသများတွင်လည်းမီးလောင်မှုမဖြစ်အောင်အထူးဂရုစိုက်ရမည့်ကာလဖြစ်သည်။

 

မီးလောင်မှုမဖြစ်ပွားအောင် လျှပ်စစ်မီးမှ အပူလွန်ကဲမှု၊ မနိုင်ဝန်ဖြစ်မှု၊ မလိုအပ်ဘဲသုံးစွဲမှု စသည်တို့မရှိစေရေး၊ ထင်းမီး၊ လောင်စာမီးကို အသုံးပြုသည့် မီးဖိုတို့မှ မီးကြွင်းမီးကျန်မရှိရေး၊ မီးလောင်စေတတ်သော လောင်စာဆီများ၊ လုပ်ငန်းသုံး၊ လူသုံးပစ္စည်းများအား အန္တရာယ်ကင်းအောင် စနစ်တကျထားရှိရေး၊ ကျေးလက်တောရွာများတွင် ဆေးလိပ်မီးနှင့် နေအပူရှိန်ပြင်းထန်မှုကြောင့် မီးလောင်စေတတ်သော ကောက်ရိုးခြောက်များ၊ မြက်ခြောက်၊ သစ်ရွက်ခြောက်များ မရှိစေရေး စသည်တို့ကို သတိပြု၍ကြိုတင်ရှင်းလင်းထားရမည်ဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားလျှင် အလွယ်တကူ မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်အောင် လမ်းများပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်များအလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေး၊ မြို့ပြများတွင် ယာဉ်များပိတ်ဆို့မှုရှိနေပါက မီးသတ်ယာဉ်များ အလွယ်တကူမောင်းနှင်နိုင်ရေး၊ မီးသတ်ယာဉ်များ ရောက်ရှိနိုင်ရန် မလွယ်ကူလျှင်ဖြစ်စေ၊ အလှမ်းဝေးကွာလျှင်ဖြစ်စေ ကြိုတင်မီးငြှိမ်းသတ်နိုင်ရေးအတွက် ရပ်ရွာများနှင့် လုပ်ငန်းဌာနများမှ အရန်မီးသတ်အဖွဲ့များ စုဖွဲ့ထားရေး၊ မီးသတ်ရေလှောင်ကန်များ၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များကို အသင့်ပြင်ဆင်ထားရှိရေးစသည်ဖြင့် အဘက်ဘက်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည်။

 

ယခုအချိန် နွေရာသီကာလ၌ သဘာဝဘေးဖြစ်သည့် မီးဘေးအန္တရာယ်ကိုသာမက ရေဘေး၊ လေဘေး၊ ငလျင်ဘေးတို့ကိုပါ ကြိုတင်သတိထားရမည့် အချိန်အခါဖြစ်ပါသည်။ ယမန်နေ့က ဖားကန့်မြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းတို့ကြောင့် လူနေအိမ်များ ပျက်စီးသွားသည်ကို တွေ့ရပါသည်။

 

ယခုအခါ အထက်မြန်မာပြည်တွင် မိုးရွာသွန်းနိုင်ကြောင်းနှင့် လေပြင်းများတိုက်ခိုက်နိုင်ကြောင်း မိုးလေဝသဌာနမှ ကြိုတင်အသိပေးထားသဖြင့်မဖြစ်မီက သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ နွေရာသီကာလတွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးများအား ရှောင်ရှားနိုင်ရန်အတွက် ပြုဖွယ်ကိစ္စများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။ အထူးသဖြင့် မီးဘေးအန္တရာယ်မှာ နွေဦးကာလတွင်ပင် ထူးကဲစွာဖြစ်ပေါ်လာသဖြင့် ပြည်သူများ စည်းစိမ်ဥစ္စာများ မဆုံးရှုံးစေရေးအတွက် ကြိုတင်သတိမူ ပြုမူလုပ်ကိုင်ကြရန်တိုက်တွန်းအပ်ပါသည်။ ။ 

ကြေးမုံ