သဘာဝဘေးဒဏ်နှင့် ကြိုတင်စီမံခန့်ခွဲမှု

 

 

မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင် ဖွဲ့စည်းပုံအရကမ္ဘာပေါ်ရှိ သဘာဝဘေးဒဏ် အကျရောက်နိုင်ဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ခြင်းဒဏ် ခံရခြင်း အညွှန်းကိန်း (Global Climate Rick Index) တွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံ ပါဝင်သည့်အနက် မြန်မာနိုင်ငံသည် ဒုတိယနေရာတွင် ရှိနေသည်။ အဆိုပါ အညွှန်းကိန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀  အတွင်း  လွန်စွာ ဆိုးရွားသည့်   ရာသီဥတုဒဏ်ခံစားခဲ့ရသည့် နိုင်ငံများကို ဖော်ပြထားခြင်းဖြစ်သည်။

 

ကမ္ဘာ့ရာသီဥတု   ဖောက်ပြန်ပြောင်းလဲမှုကြောင့်   မုန်တိုင်းတိုက်ခတ်ခြင်း၊   ရေကြီးရေလျှံခြင်း၊  မြေပြိုခြင်း၊  မိုးခေါင်ခြင်း စသည့်ဘေးဒဏ်များကို ပိုမိုဆိုးရွားစွာ ခံစားရနိုင်သည့်အပြင် မြေငလျင်လှုပ်ခြင်းနှင့်  ဆူနာမီလှိုင်း   ရိုက်ခတ်ခြင်းကဲ့သို့သော ဘေးအန္တရာယ်များ ကျရောက်နိုင်သည်တို့ကိုလည်း ကြိုတင်မျှော်မှန်း ပြင်ဆင်ထားကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းသည် သဘာဝဖြစ်စဉ် ဖြစ်သည့်အလျောက် တားဆီး၍ မရနိုင်သော်လည်း လူ့အဖွဲ့အစည်း၏ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း နည်းလမ်းများဖြင့် ကျရောက်လာမည့် သဘာဝဘေးကို လျော့နည်းသက်သာစေနိုင်သည်။ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာပါက လူ့အဖွဲ့အစည်းတစ်ရပ်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဓာတ်အားပေးရေး၊ ရေအရင်းအမြစ် စသည်တို့အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးစေသည်။ သဘာဝဘေး၏ အတိုင်းအတာ ပမာဏကြီးမားလျှင် ကြီးမားသလောက် လူ့အဖွဲ့အစည်း၏ ကိုယ်ပိုင်အရင်းအမြစ်များဖြင့် ကိုင်တွယ်ဖြေရှင်း၍ မလုံလောက်သည်အထိ ပျက်စီးဆုံးရှုံးမှု ကြီးမားနိုင်သည်။

 

သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြည်သူပူးပေါင်းပါဝင်မှုတို့ မည်မျှအရေးပါသည်ကို ပြီးခဲ့သည့် ရခိုင်ပြည်နယ် မိုခါမုန်တိုင်းတိုက်ခတ်မှုဖြစ်စဉ်၌ ပြန်လည်လေ့လာ တွေ့ရှိနိုင်သည်။ အန္တရာယ် ကျရောက်နိုင်သည့် ဒေသများကို ကြိုတင်သတိပေးခြင်း၊ အဆိုပါ ဒေသများမှ လူနှင့်ကျွဲနွားတိရစ္ဆာန်များ၊ ပစ္စည်းများကို ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းခြင်း၊ ထိရောက်မြန်ဆန်သော အစီအမံများဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ခြင်းတို့က သဘာဝဘေးကြောင့် သေကျေမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ကို လျော့နည်းသက်သာစေသည်။ သဘာဝဘေးများ မကြာခဏကျရောက်နေခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် သဘာဝဘေးကျရောက်တိုင်း ကြီးမားစွာ ထိခိုက်ပျက်စီး ဆုံးရှုံးနေရခြင်းတို့သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေသည်။ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေ မြင့်မားသည့် မိမိတို့နိုင်ငံအဖို့ စီမံခန့်ခွဲမှု ထိရောက်ကောင်းမွန်ရန် လိုအပ်သလို ပြည်သူလူထု သဘာဝဘေးဆိုင်ရာ အသိပညာမြင့်မားနေရန်လိုသည်။

 

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်အတွင်း မိမိတို့နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုနှင့် ရေကြီးရေလျှံမှုတို့ အရေအတွက်အားဖြင့်လည်းကောင်း၊ ပြင်းထန်မှုအားဖြင့်လည်းကောင်း ယခင်ထက် ပိုမိုလာခဲ့သည်ကို သတိပြုကြရမည်ဖြစ်သည်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုအပြင် လူတို့၏ ပယောဂကြောင့် သဘာဝ ရေစီးရေလာများ၊ မြစ်ချောင်းများ ပျက်စီးတိမ်ကောခြင်း၊ သစ်တောများ ပြုန်းတီးခြင်းနှင့် မြေဆီလွှာများ တိုက်စားဆုံးရှုံးခြင်း စသည်တို့က ဘေးအန္တရာယ်ပမာဏကို ပိုမိုကြီးမားစေသည်။ သို့ဖြစ်ရာ ကမ်းရိုးတန်း ဒေသများတွင် အစိမ်းရောင်ဒီရေတောတံတိုင်းများ စိုက်ပျိုးတည်ထောင်ခြင်း၊ ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းခြင်းနှင့် သစ်တောများ ပြန်လည်ထူထောင်ခြင်း၊ ရွှေနှင့် ဓာတ်သတ္တုများအပါအဝင် တူးဖော်မှုများ ပြုလုပ်ပြီးတိုင်း သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းနှင့် မြစ်ချောင်းများ၊ သဘာဝ ရေစီးရေလာများ မပျက်စီးအောင် ပြန်လည်တူးဖော်ထိန်းသိမ်း ခြင်းတို့ကို အမျိုးသားရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်ကြပါရန် မကြာမီကျရောက်တော့မည့် မိုးကြိုကာလအမီ တိုက်တွန်းနှိုးဆော် လိုက်ရပါကြောင်း။

 

မြန်မာ့အလင်း