သဘာဝဘေးအန္တရာယ်ကို ကြိုတင်သတိပြု

၃၀ ဧပြီ

 

ယနေ့ကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဧပြီ ၂၉ ရက်က သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် မေလအတွင်း ကပ္ပလီပင်လယ်ပြင်၌ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ကာ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ရွေ့လျား နိုင်ကြောင်း ၎င်းဌာနက ခန့်မှန်းချက်လည်းရှိသည်။

 

သို့ဆိုလျှင် ယခုမေလဆန်းတွင် မြန်မာနိုင်ငံ အနောက်တောင်ပိုင်းပင်လယ်ပြင်၌ လေဖိအားနည်း ရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်လာစရာ အကြောင်းရှိသည်။ မြန်မာနိုင်ငံ၏ရာသီဥတုအရ ဧပြီလကုန်နှင့် မေလများမှာ အလွန်ပူပြင်းသောကာလဖြစ်ပြီး ထိုကာလများတွင် မြန်မာ့ပင်လယ်ပြင်၌ လေဖိအားနည်း ရပ်ဝန်းများ၊ မုန်တိုင်းများဖြစ်တတ်သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် မှတ်တမ်းများ၌ ၂၀ဝ၈ ခုနှစ် ဧပြီလ နောက်ဆုံးပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ခဲ့ပြီး မေလ ၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမား သော နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်ကို သတိရကြမည်ဖြစ်သည်။

 

ထိုကဲ့သို့သော အချိန်ကာလမျိုးဖြစ်သည့် ယခုရက်ပိုင်းတွင် မြန်မာ့ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းများကို သတိပြုရမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ အပူချိန်မြင့်မား လျက်ရှိစဉ် လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများကြောင့် အချို့ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

၁၂ လရာသီတွင် မေလသည် နွေရာသီ၏ ပုံမှန်ကာလဖြစ်သော်လည်းယခုဧပြီလအကုန် မေလ အကူးသည် ဖြစ်စဉ်ထူးခြားနေသည်ကို သတိပြုရမည်ဖြစ်သည်။ ယခုမေလတွင် မိုးရွာသွန်းမှု မများကြောင်း၊ အပူချိန် လွန်ကဲမှုလည်းမရှိကြောင်း၊ ပူလိုက်ရွာလိုက် သဘောရှိကြောင်း မိုးလေဝသမှ အသိပေးထားသည်။ မေလ ပထမ ၁၀ ရက်တာအတွင်း ကပ္ပလီပင်လယ်ပြင်မှ အစပျိုးလာသည့် လေဖိအားနည်းရပ်ဝန်းသည်မေလ ၁ ရက်တွင် အားကောင်းလာပြီး မေလ ၂ ရက်နေ့တွင် မုန်တိုင်းငယ်ဖြစ်လာမည်ကို သိရှိထားသင့်သည်။

 

အဆိုပါမုန်တိုင်းငယ်သည် မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်ပြီးမေလ ၃ ရက်တွင် မော်တင်စွန်းထိပ်မှ ကပ်လျက် မြောက်ဘက်သို့ရွေ့လျားကာ ဂွမြို့မြောက်ဘက်သို့ ရွေ့လျားနိုင်ကြောင်း အသိပေးထားသည်။ ယခုရက်ပိုင်းတွင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးလေပြင်းထန်နေပြီး မေလ ၃ ရက်မှ ၆ ရက်အတွင်း အထူးသတိထားနေထိုင်သင့်ကြောင်း နှိုးဆော်ထားသည်။ ယခုရက်အတွင်း မိုးများများရွာပါက မုန်တိုင်းအားလျော့နိုင်သဖြင့် ယခုရွာသွန်းသောမိုးကို ကြိုဆိုရမလိုဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ ဧရာဝတီနှင့် ရခိုင်ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ဖြစ်ပေါ်နေသော မိုးလေဝသအခြေအနေကို သတိပြုနားစွင့်ကြရမည်ဖြစ်သည်။ ခန့်မှန်းချက်များနှင့် တစ်နေ့ချင်း ဖြစ်ပေါ်လာသော မိုးလေဝသဖြစ်စဉ်များအပေါ် မူတည်ပြီးကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားခြင်း၊ သတင်းမှန်များဖလှယ်ခြင်း၊ သဘာဝဘေးနှင့် သက်ဆိုင်သော အဖွဲ့အစည်းများအနေဖြင့် နိုးကြားသော သတိဖြင့် မိုးလေဝသဖြစ်စဉ်များကို စောင့်ကြည့် လေ့လာကာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေး ကြိုတင်ပြင်ဆင် ဝိုင်းဝန်းဆောင်ရွက်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်။ ။