သဘာဝဘေး ကြိုတင်ပြင်ဆင်ကာကွယ်

နေပြည်တော် ၂၃ မေ

 

လက်ရှိကာလ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေထုမငြိမ်မသက်မှုဖြစ်စဉ်သည် ယခု ရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ပြီးနောက် နောက်ရက်တွင် ပိုမိုအားကောင်း လာကာယခုနှစ် မုတ်သုံရာသီအတွက် ပထမဆုံး မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ကြောင်း၊ မုန်တိုင်းငယ် ဖြစ်ပေါ်လာပါက လတ်တလောအားနည်းနေသည့် အနောက်တောင်မုတ်သုံလေသည် ပိုမိုအားကောင်း လာကာ မြန်မာနိုင်ငံအနှံ့သို့ အလျင်အမြန်ဝင်ရောက်လာဖွယ်အခြေအနေရှိပြီး ဒေသအများစုတွင် မိုးအားကောင်းလာနိုင်ကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်၏ ပြောကြားချက်အရ သိရသည်။

 

ယခုနှစ်ရာသီတွင် ပထမဆုံးဖြစ်ပေါ်လာနိုင်စရာအကြောင်းရှိသည့် မုန်တိုင်းငယ်ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြင်း ရှိ၊ မရှိ မသိနိုင်သေးသော်လည်း အကယ်၍ မြန်မာနိုင်ငံသို့ဝင်ရောက် မည်ဆိုပါက ဆောင်ရွက်ဖွယ်ရာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသို့ မဝင်ရောက်သော်လည်း အိမ်နီးချင်းနိုင်ငံသို့ဝင်ရောက်ပါက ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းအရှိန်ရိုက်ခတ်မှုကို အထူးသတိပြုရမည်ဖြစ်သည်။

 

၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့အကြား ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2B မုန်တိုင်းအရှိန်ကြောင့် မြန်မာ နိုင်ငံအထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု စံချိန်တင်ခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ဒေသကြီးအတွင်း လျှပ်တစ်ပြက် ရေကြီးခဲ့ရာ ပြည်သူ ၄၆ ဦး သေဆုံးပြီး ၁၁၅ ဦးပျောက်ဆုံးခဲ့သော သွယ်ဝိုက်ဖြစ်ပေါ်သည့် သဘာဝဘေးဖြစ်စဉ်ကို သတိမူရမည်ဖြစ်သည်။

 

ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုနှစ်မုတ်သုံရာသီ အကြိုကာလတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များအား သိရှိထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ သာမက ပြည်သူများပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မေ ၁၅ ရက်နေ့က အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သက်ဆိုင်ရာအဖွဲ့အစည်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် လမ်းညွှန်မှာကြားထားပြီးဖြစ်သည်။

 

သဘာဝဘေးကို ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်တုံ့ပြန်မှု၊ ပြန်လည်ထူထောင်မှုဟူ၍ အပိုင်းလိုက် ဆောင်ရွက်နေကြပြီး ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်း ပြသဘောမျိုးမဟုတ်ဘဲ စနစ်ကျနပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာလျှင် သဘာဝဘေးကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်းဖြစ်လာမည်ဖြစ်သည်။

 

သဘာဝဘေးဖြစ်ပေါ်လာပါက ဘေးအန္တရာယ်ကျရောက်နိုင်ခြေ ရှိသည့်ဒေသများအား သိရှိထားပြီး ဖြစ်၍ အဆိုပါဒေသများတွင် အိုးအိမ်များ ပြန်လည်နေရာချထားပေးရေး၊ အဆောက်အအုံများ ပြန်လည်တည်ဆောက်ပေးရေး၊ ဘေးလွတ်ရာနေရာများ ကြိုတင်ရွေးချယ်ထားရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ အမြန်ဆုံး စနစ်တကျ ဖြစ်စေရေးကို အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ လမ်းညွှန်မှာကြားချက်နှင့် အညီ အလေးထားဆောင်ရွက်ထားကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ဟူသည်မှာ မလွန်ဆန်နိုင်သော သဘာဝတရားဖြစ်သော်လည်း သဘာဝဘေးဖြစ်ပေါ်လာပါက ထိခိုက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်း တစ်ရပ်ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန်လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ