သာယာဝတီ ၂၁ ဇူလိုင်
တောင်သူလယ်သမား သင်တန်းကျောင်းဖွင့်ပွဲနှင့် ၂၀၁၈-၂၀၁၉ ခုနှစ် အကျိုးဆောင်တောင်သူ ဖွံဖြိုးတိုးတက်ရေးသင်တန်း (၄/၂၀၁၉)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင် ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်တန်းသား သင်တန်းသူများအနေဖြင့် တောင်သူလယ်သမားထုအတွင်း မိမိတို့ သိရှိ လာသည့် ဗဟုသုတများကို ပြန်လည်ဖြန့်ဝေပေးကြဖို့နဲ့ လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ စွမ်းအားရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က သင်တန်းကျောင်း ဖွင့်လှစ်ရခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တောင်သူများ၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
တောင်သူလယ်သမား သင်တန်းကျောင်းအား ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် တောင်သူလယ်သမားများ၏ လယ်ယာမြေနှင့် ပတ်သက်၍ အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇူလိုင် ၂၁ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများ၊ Private Farm ဆိုင်ရာ မူဝါဒများ၊ မျိုးစေ့ဆိုင်ရာ မူဝါဒများ၊ မျိုးစေ့ဥပဒေ၊ စပါးစိုက်ပျိုးနည်းစနစ်၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ သီးနှံကာကွယ်ရေးဆိုင်ရာ မူဝါဒများ၊ စပါးနှင့် နှမ်း G.A.P၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးနည်းစနစ်များ၊ ပဲမျိုးစုံ G.A.P၊ ကြံ/ဝါစိုက်ပျိုးနည်းစနစ်များ၊ ဂုန်လျှော်စိုက်ပျိုး နည်းစနစ်များ၊ ကြံ၊ ဝါ၊ ဂုန်လျှော် စိုက်ပျိုးနည်း စသည့်ဘာသာရပ်များကို သင်ကြားပို့ချကာ သာယာဝတီနှင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၁၄)မြို့နယ်မှ သင်တန်းသား သင်တန်းသူ (၄၀) တက်ရောက်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


