သားတပည့်ဖြစ်သူ ကျော်ထက်ဇော်အား သင်ကြားပေးရခြင်းကို အားရကျေနပ်မှုရှိကြောင်း မို့မို့မြင့်အောင် ပြောကြား

၆  ဇွန်

ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်အနေဖြင့် အနုပညာလောကတွင် လူငယ် သရုပ်ဆောင်သစ်များအား မခြွင်းမချန် ပညာသင်ကြားပေးတတ်သလို လက်ရှိအချိန်တွင် သားတပည့်တစ်ဦးဟု ဆိုနိုင်သည့် သရုပ်ဆောင် ကျော်ထက်ဇော်အား သရုပ်ဆောင်ပညာရပ်များ သင်ကြားပေးရာတွင် အားရကျေနပ်မှုရှိကြောင်း မို့မို့မြင့်အောင်က ပြောကြားသည်။

"မို့ရဲ့ သားတပည့် ကျော်ထက်ဇော်ကို အနုပညာအမွေ လက်ဆင့်ကမ်းတာ မိတ်ဆက်ပေးဖို့ နောက်ကျနေတာ ခွင့်လွှတ်ပါ။ သား ကျော်ထက်ဇော်ကို ပထမဆုံးစီးရီးမှာကတည်းက မို့က လိုအပ်ချက်တွေမြင်တယ်။ မနှစ်က ၂၀၁၉ ဖေဖော်ဝါရီလမှာတော့ MRTV-4 က တာဝန်ရှိသူက မို့ကို အကူအညီ တောင်း လာတယ်။ ကျော်ထက်ဇော်ကို နှစ်ကိုယ်ခွဲသရုပ်ဆောင် သင်ပေးဖို့ပါ။ မဟုတ်ရင် ထိုင်း ဒါရိုက်တာက ထိုင်းကဆရာနဲ့ သင်မယ်ပေါ့။ သူတို့ကလည်း မြန်မာပြည်မှာ သင်နိုင်တဲ့ဆရာရှိပါတယ်ဆိုပြီး မို့ကို လာပြောတာဆိုတော့ မို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သွားတယ်။ မို့ကလည်း လက်ခံလိုက်တယ်။ ပြီးမှတွေးမိတာ ငါသင်မယ့်တပည့်က လိုက်နိုင်ပါ့မလားပေါ့။ နောက်နေ့ကျတော့ ကျော်ထက်ဇော် ရောက်လာတော့တာပဲ။ သူက ပါးနပ်တယ်။ အခြေခံတွေပါ ရအောင်သင်သွားနိုင်ပါတယ်။ ဇာတ်ရှိန်အလိုက် အဆင့်ဆင့် ငိုနိုင်တယ်။ တစ်အိမ်လုံးကြားရအောင် ရှိုက်ကြီးတငင်ငိုတာ။ ကျော်ထက်ဇော်က ရူးသွပ်တော့ သင်ရတာလွယ်တယ်။ နာခံတော့ ပညာပေးရတာ အားရတယ်"ဟု ကျော်ထက်ဇော်အား သရုပ်ဆောင်ပညာ သင်ပေးဖြစ်ပုံနှင့် သင်ကြားပုံအကြောင်းကို မို့မို့မြင့်အောင်က ပြောပြသည်။

"အခုဆို ကျော်ထက်ဇော် နှစ်ကိုယ်ခွဲသရုပ်ဆောင်တဲ့ "အချစ်ဖွဲ့လေညင်း" ကားလေးကို ပရိသတ် ကြည့်နေပြီပေါ့။ နှစ်ကိုယ်ခွဲကို အခုမှ သူတွေ့ကြုံ သရုပ်ဆောင်ရပေမယ့် ပထမဆုံးအတွေ့အကြုံမှာ အများကြီး ကြိုးစားထားတာတွေ၊ ကွဲပြားခြားနားတာတွေ တွေ့ရမှာပါ။ ရုပ်ရှင်လို တိုတိုလေးကို သရုပ်ဆောင် ရတာမဟုတ်ဘဲ ဇာတ်လမ်းရှည်ကြီးကို ရိုက်ရတာ တာဝန် အင်မတန်ကြီးပါတယ်။ ဇာတ်ရဲ့ ဆန့်ကျင်ဘက်သရုပ်ဆောင်မှုတွေက ပိုခက်ပါတယ်။ တစ်ကိုယ်နေရာကို တစ်ကိုယ်ဝင် လူချင်းချိန်းရသေးတယ်။ တစ်ယောက်ချင်းရဲ့ စတိုင်ပျောက်လို့ လည်း မရဘူး။ လေးယောက်စာ သရုပ်ဆောင်ရတာပါ။ သူ တော်ပါတယ်။ သူ့အရွယ်နဲ့ ကြိုးစားပါတယ်။ ပရိသတ်ရဲ့ အဖြေကို သိရတော့ အပင်ပန်းခံရကျိုး နပ်သွားပါတယ်။ အခုဆို အပြင်ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်နေရပါပြီ။ မို့လည်း သေသေချာချာ ပြသပေးပါတယ်။ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ အဆိပ်ဇာတ်ကားကို ရုံတင်ရင်လည်း ကြည့်ကြည့်ကြပါဦး။ မို့ကတော့ တစ်ဆင့်စကား ကြားရတာနဲ့တင် တော်တော်ပီတိဖြစ်နေရပါပြီ"ဟုလည်း မို့မို့မြင့်အောင်က ဆက်ပြောသည်။

၁၉၈၀ ပြည့်နှစ်က မွန်းတည့်ချိန်တွင် နေဝင်သည် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် စတင်ပြီး အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့ကာ အနုပညာသက်တမ်းအားဖြင့် နှစ် ၄၀ ခန့် ရှိနေပြီဖြစ်သည့် ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်သည် ၁၉၈၅ ခုနှစ်တွင် နှလုံးသားမြို့တော် ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ကာ ၁၉၈၉ ခုနှစ်တွင် ခပ်စိမ်းစိမ်းပဲနေပါ့မယ်၊ ၁၉၉၁ ခုနှစ်တွင် သမီးနှင့်အမေများ၊ ၁၉၉၆ ခုနှစ်တွင် မသုဓမ္မစာရီ၊ ၂၀၀၈ ခုနှစ်တွင် မြင့်မိုရ်ထက်ကသရဖူ စသည့် ရုပ်ရှင်ဇာတ်ကား များဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို အကြိမ်ကြိမ်ရရှိခဲ့သော ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

ကိုလင်း