သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် အခမ်းအနား ကျင်းပ

နေပြည်တော်  ဧပြီ ၁၀

 

၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာသင်္ကြန် နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

 

ထို့နောက် ၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာကြသူများက သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင် ပက်ဖျန်းပေးကြသည်။

 

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်  ဦးစီးဌာနများက သာကူ၊ မုန့်လုံးရေ‌ပေါ်၊ ကြာဇံချက်၊ မန်ကျည်းကျောက်ကျော၊ ရွှေရင်အေး၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် မုန့်လက်ဆောင်း စသည့် သင်္ကြန်ရိုးရာ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကြပြီး အနုပညာ ဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများ ယိမ်းအဖွဲ့က သင်္ကြန်တေးသီချင်းများ၊ ယဉ်ကျေးမှုယိမ်း အကများ၊ သံချပ်တို့ဖြင့် တပျော်တပါး စုပေါင်း ဖျော်ဖြေကြရာ  အနုပညာရှင်ဝန်ထမ်းယိမ်းအဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်ဆင်နွှဲကြ ကြောင်း သိရသည်။

(သတင်းစဉ်)