သားသမီးများပညာရေး စိတ်အေး

နေပြည်တော် ၂၄ မေ

 

ပညာရေးဝန်ကြီးဌာနက ကျောင်းနေစအရွယ် ကလေးငယ်များအားလုံးကျောင်းတက်နိုင်ရန်အတွက် နှစ်စဉ် ပညာသင်နှစ်စတင်သည့် မေ ၂၅ ရက်မှ ၃၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားသဖြင့် မနက်ဖြန်နံနက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာ ကျောင်းများတွင် မိမိတို့၏ သားသမီးများအားကျောင်းအပ်နှံကြတော့မည် ဖြစ်သည်။

 

လွန်ခဲ့သော စာသင်နှစ်ကာလများက ကျောင်းအပ်နှံရေးအခြေအနေမှာ ဤသို့မဟုတ်ချေ။ အခြေခံ လူတန်းစား ပြည်သူအများစုအနေဖြင့် မိမိတို့၏ရင်သွေး သားသမီးများ ကျောင်းအပ်နှံရေးနှင့် ပညာ သင်ကြားရေးကိစ္စအဝဝအတွက် ကြံစည်တွေးတော ပူပန်စိတ်မောခဲ့ကြရသည်။ မိသားစုဘဝ ရပ်တည်ရှင်သန်ရေးအတွက်ရုန်းကန်နေရချိန်တွင် သားသမီးများပညာရေးအတွက် နှစ်စဉ်သောက ပိုခဲ့ရသည်။

 

မျက်မှောက်ကာလတွင် ဤသို့မဟုတ်ပြီ။ ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းအပ်နှံ ရာတွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက် ကြေး အပါအဝင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံစီ၊ အလယ် တန်းအဆင့်နှင့် အထက်တန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံစီ ထောက်ပံ့ပေးမည်ဖြစ်ပြီး ထင်ရှားသောကျောင်းများတွင် ကျောင်းအပ်လက်ခံရေးကို ကျောင်း၏ သဘောအတိုင်း မဆောင်ရွက်စေဘဲ ကျောင်းကော်မတီဖွဲ့ကာ သတ်မှတ်ချက်အတိုင်း ကျောင်းအပ်လက်ခံရမည်ဟုသတ်မှတ်ထားသည်။

 

ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး” ဖြစ်သည်။ အဆိုပါ ဆောင်ပုဒ်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ယခုပညာသင်နှစ်အတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်ထုတ်ပြန်ကာ အသိ ပေးထားသည်။

 

တိုးတက်များပြားလာသော ကျောင်းသားများအား အဆင်ပြေစွာ လက်ခံနိုင်ရေးအတွက် မြို့နယ် အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံရန်၊ ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း မပြုရန်၊ အသက် ငါးနှစ်ပြည့်သူ ကလေးငယ်အားလုံး သူငယ်တန်း KG တွင် အပ်နှံရန်၊ ခြောက်နှစ်အရွယ် ကလေးငယ်များအားလုံး ပထမတန်း Grade 1 တွင် အပ်နှံရန်၊ မိဘများအနေဖြင့် မိမိတို့သားသမီးများ အနာဂတ်အတွက် ကျောင်းမှန်မှန်တက်ရေး၊ အိမ်စာမှန်မှန်ပြုလုပ်ရေး၊ သင်ယူ တတ်မြောက်မှု ကောင်းမွန်ရေးတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်၊ ဆရာ ဆရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။

 

ထို့အပြင် မိဘအုပ်ထိန်းသူပြည်သူများအနေဖြင့် မိမိတို့ သားသမီးများအနေဖြင့် ကျောင်းသန့်ရှင်းရေး၊ ကျောင်းဖွံ့ဖြိုးရေး၊ မူလတန်းမှ အလယ်တန်း၊ အထက်တန်းအထိ အဆင့်ဆင့် ဆက်လက် ပညာသင်ကြားရေး၊ ကျောင်းထွက်သူ မရှိစေရေး၊ တီထွင်ကြံဆမှုနှင့် ကြိုးစားအားထုတ်မှု ရှိစေရေးတို့ကို တွန်းအားပေးစေရေးသာမက မိဘပြည်သူများကိုယ်တိုင် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ ဆရာ ဆရာမများအားလည်း အလားတူ ဆောင်ရွက်ကြရန် အသိပေးထားသည်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် မူလတန်းအဆင့် ကလေးငယ်များအား ဦးစားပေးဆောင်ရွက်ပေးနေသလို ယမန်နှစ် ကျောင်းဖွင့်ရာသီမှစ၍ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းကို အလေးထားဆောင်ရွက်ခဲ့သဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အထက်တန်းအဆင့် (Grade-10, Grade-11) ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အခြေခံပညာသင်ယူသူ တစ်သန်းကျော်လာပြီ ဖြစ်သည်။

 

သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် သားသမီးများပညာသင်ကြား ရေးတွင် စိတ်အေးစွာဖြင့် လက်တွဲပါဝင်ဆောင်ရွက်ကြရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ ။

 

ကြေးမုံ